ယူကရိန်းကို စွက်ဖက်မှုဟာ လူသားချင်း စာနာတဲ့ အပြုအမူလို့ ပူတင်ပြော

  • 4 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption တပ်တွေ ဆက်လက် တပ်စွဲထားမယ်လို့ ပူတင် ပြော

ရုရှသမ္မတ ဗလာဒီမာ ပူတင်က ယူကရိန်းမှာ ရုရှားရဲ့ ဝင်ရောက်စွက်ဖက်မှုဟာ လူသားချင်း စာနာထောက်ထားပြီး ပြုမူတဲ့ လုပ်ရပ်လို့ ပုံဖော်ပြောဆိုခဲ့ပါတယ်။

ခရိုင်းမီးယားဒေသကို ထိန်းချုပ်ထားတဲ့ လက်နက်ကိုင် အဖွဲ့တွေဟာ ရုရှားနဲ့ မပတ်သက်ဘဲ မိမိကိုယ်ကို ခုခံကာကွယ်နေတဲ့ ရုရှားကို လိုလားတဲ့ ဒေသခံ တပ်ဖွဲ့တွေသာ ဖြစ်တယ်လို့ သူက ဆိုပါတယ်။

ရုရှားအနေနဲ့ အဲဒီတပ်ဖွဲ့တွေကို ဘယ်လို စစ်ရေးသင်တန်းမျိုးမှလည်း မပေးခဲ့ဘူးလို့ ငြင်းဆိုလိုက်ပါတယ်။

သမ္မတ ပူတင်ဟာ သူ့အနေနဲ့ ယူကရိန်းမှာ စစ်ဖြစ်ဖို့ အစီအစဉ် မရှိဘူးလို့လည်း ဆိုပြန်ပါတယ်။

ရုရှားအနေနဲ့ ယူကရိန်းကို စစ်တပ်တွေ စေလွှတ်ဖို့ လောလောဆယ် မလိုအပ်သေးပေမယ့် ရှိနှင့်ပြီး တပ်တွေ ဆက်လက် တပ်စွဲနေဖို့တော့ ဖြစ်နိုင်တယ်လို့ ပူတင်က ပြောပါတယ်။

ခရိုင်းမီးယား ကျွန်းဆွယ်မှာ ယူကရိန်းနဲ့ ရုရှားတပ်တွေအကြား တင်းမာမှုတွေ ဆက်လက် ဖြစ်ပေါ်နေပေမယ့် ရုရှားဘက်က စစ်အင်အား အလွန်အကျွံ သုံးစွဲပြီး ရုတ်တရက် တိုက်ခိုက်လာနိုင်ခြေတော့ မရှိသေးပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ