ယူကရိန်းကိစ္စ သံတမန်ရေး မအောင်မြင်

  • 6 မတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အမေရိကန်၊ ဥရောပ နိုင်ငံခြားရေးဝန်ကြီးတွေနဲ့ပဲ ရုရှား နိုင်ငံခြားရေး ဝန်ကြီး တွေ့ဆုံ ဆွေးနွေးခဲ့

ခရိုင်းမီးယား ဒေသမှာ ထိပ်တိုက်ရင်ဆိုင်မှုတွေ ဖြစ်နေတာနဲ့ ပတ်သက်လို့ ရုရှားနဲ့ ယူကရိန်း နိုင်ငံခြားရေး ဝန်ကြီးတွေအကြား မျက်နှာချင်း ဆိုင် တွေ့ဆုံ ဖြေရှင်းဖို့ အမေရိကန်က ကြားဝင် စေ့စပ်နေတာ မအောင်မမြင် ဖြစ်သွားခဲ့ရ ပါတယ်။

ယူကရိန်း ကြားဖြတ် အစိုးရကို ရုရှားက အသိအမှတ် မပြုတဲ့အတွက် ယူကရိန်း ကြားဖြတ် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တွေ့ဖို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် က ငြင်းဆန်ခဲ့ပါတယ်။

ဒါပေမယ့် မစ္စတာ လက်ဗ်ရော့ဗ်ဟာ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဂျွန် ကယ်ရီ နဲ့ရော ဥရောပနိုင်ငံခြားရေး ဝန်ကြီးတွေနဲ့ပါ အကြိတ်အနယ် ဆွေးနွေး ပြောဆိုမှုတွေ လုပ်ခဲ့ပါတယ်။

ဆွေးနွေးပြောဆိုမှုတွေဟာ အတော့်ကို တင်းမာခဲ့ကြောင်း ဒါပေမယ့် သမ္မတ အိုဘားမားကို ပြန်ပြောပြစရာတွေ ရခဲ့ကြောင်းနဲ့ စေ့စပ်ညှိနှိုင်းမှုတွေကို ဆက်လုပ်သွားဖို့ ရှိကြောင်း ဂျွန် ကယ်ရီက ပြောပါတယ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်ကလည်း ဂျာမနီ ဝန်ကြီးချုပ် အဲန်ဂယ်လာ မာခဲလ်နဲ့ ယူကရိန်း ပဋိပက္ခကို ဖုန်းထဲကနေ သီးခြား ဆွေးနွေး ပြောဆိုခဲ့ပါတယ်။

ဒီအတောအတွင်းမှာပဲ နေတိုးအဖွဲ့ အတွင်းရေးမှူးချုပ် အဲနာ့စ် ဖို ရာ့စ်မူဆဲန် က ယူကရိန်း ပဋိပက္ခ ကိစ္စတွေကြောင့် နေတိုး အဖွဲ့အနေနဲ့ ရုရှားနဲ့ ပူးပေါင်း ဆောင်ရွက်မှုတွေ အားလုံးကို ပြန် သုံးသပ်မယ်လို့ ထုတ်ဖေါ် ပြောကြား လိုက်ပါတယ်။

ဆီးရီးယား ဓါတုလက်နက်တွေ ဖျက်ဆီးဖို့အတွက် ရုရှားနဲ့ နေတိုးအဖွဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ဆိုင်းငံ့ ထားဖို့ ရှိကြောင်း၊ ဒါပေမယ့် ဒီ့အတွက်ကြောင့် တော့ ဆီးရီးယား ဓါတု လက်နက် ဖျက်ဆီးရေး လုပ်ငန်းစဉ်ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ဆီးရီးယား ဓါတုလက်နက်တွေ ဖျက်ဆီးဖို့အတွက် ရုရှားနဲ့ နေတိုးအဖွဲ့ ပူးပေါင်း ဆောင်ရွက်ရေးကိုလည်း ဆိုင်းငံ့ထားဖို့ ရှိကြောင်း ဒါပေမယ့် ဒီ့အတွက်ကြောင့် တော့ ဆီးရီးယား ဓါတု လက်နက် ဖျက်ဆီးရေး လုပ်ငန်းစဉ်ကို ထိခိုက်စေမှာ မဟုတ်ဘူးလို့ သူက ပြောပါတယ်။

ရုရှား အစိုးရအနေနဲ့ ယူကရိန်းနိုင်ငံရဲ့ အချုပ်အခြာ အာဏာပိုင်မှုကို ဆက်လက်ချိုးဖေါက်နေတာကြောင့် နေတိုးအဖွဲ့အနေနဲ့ ယူကရိန်းနဲ့ မဟာမိတ် ဆက်ဆံရေးကို အခုအခါ ပိုတိုးမြှင့် သွားဖို့ ရှိတယ်လို့ ဆိုပါတယ်။

အစောပိုင်းတုန်းက အမေရိကန် ကာကွယ်ရေး ဝန်ကြီး Chuck Hagel က ပိုလန်နဲ့ ဘော်လ်တစ် ပြည်နယ်တွေမှာ လေကြောင်း အကူအညီတွေ တိုးချမယ်လို့ထုတ်ဖေါ် ကြေညာလိုက်ပါတယ်။

ပဲန်တဂွန် အမေရိကန် စစ်ဌာနချုပ်ကလည်း နောက်ထပ် F 15 အမျိုးအစား တိုက်လေယာဉ်တွေ စေလွှတ်မယ်လို့ သိရပါတယ်။