ရုရှားနဲ့ခရိုင်းမီးယား ပေါင်းဖို့ ကိစ္စ အိုဘားမား ဝေဖန်

ဓာတ်ပုံ မူပိုင် AP
Image caption ဒီလူထု ဆန္ဒခံယူပွဲဟာ ယူကရိန်း အခြေခံ ဥပဒေကိုရော၊ နိုင်ငံတကာ ဥပဒေကိုပါ ချိုးဖောက်ရာ ကျတယ်လို့ အိုဘားမားပြော

ယူကရိန်း နိုင်ငံ ခရိုင်းမီးယား ဒေသကို ရုရှားနိုင်ငံနဲ့ ပူးပေါင်းရေး လူထု ဆန္ဒခံယူပွဲတခု လုပ်ဖို့ ရုရှားအစိုးရထောက်ခံအားပေးတဲ့ ခရိုင်းမီးယား ဒေသန္တရ အစိုးရရဲ့ အဆိုပြုချက် ဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်ရာ ကျတယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံထဲကနေ ခရိုင်းမီးယားဒေသ ခွဲထွက်ဖို့ ခရိုင်းမီးယား ပါလီမန်မှာ တညီတညွတ်တည်း မဲပေး ဆုံးဖြတ်ခဲ့ကြအပြီးမှာ သမ္မတ အိုဘားမားက အခုလို ပြောသွားတာပါ။

ယူကရိန်း ကြားဖြတ်သမ္မတ အိုလက်ဆဲန်ဒါး တူချင်နော့ဗ် ကလည်း အခုအဆိုပြုတဲ့ လူထု ဆန္ဒခံယူမှုဟာ တရားမဝင်ကြောင်းနဲ့ ဒါဟာ ရုရှား စစ်တပ်က စီစဉ်တဲ့ မဟုတ်မဟတ် အစီအစဉ်တွေသာ ဖြစ်ကြောင်း ပြောသွားပါတယ်။

သမ္မတ အိုဘားမားနဲ့ ဖုန်းပြောစဉ် ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်း ကိစ္စ သဘောအမြင် ကွဲလွဲမှုကြောင့် ရုရှားနဲ့ အမေရိကန် နှစ်နိုင်ငံ အဆင်မပြေ မဖြစ်သင့်ဘူးလို့ ပြောခဲ့ပါတယ်။

ခရိုင်းမီးယားဒေသနဲ့ ပတ်သက်လို့ ရုရှားရဲ့ လုပ်ရပ်ဟာ ယူကရိန်း နိုင်ငံရဲ့ အချုပ်အခြာ အာဏာကို ထိပါးရာ ရောက်တယ်လို့ သမ္မတ အိုဘားမားက အလေးအနက် ပြောခဲ့ပါတယ်။