နှစ်ဖက်တပ်တွေ ထိပ်တိုက် ဖြစ်ရာက အဆုံးသတ်

ဓာတ်ပုံ မူပိုင် AFP Getty
Image caption နှစ်ဖက်တပ်တွေ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်ခဲ့

ခရိုင်းမီးယားက ဆိပ်ကမ်းမြို့ဖြစ်တဲ့ Sevastopol က စစ်စခန်းတခုရှေ့မှာ ရုရှားတွေလို့ ယူဆရတဲ့ လက်နက်ကိုင်တွေနဲ့ ယူကရိန်း စစ်သားတွေ ထိပ်တိုက် ရင်ဆိုင်မှု ဖြစ်နေရာက နောက်ဆုံးတော့ အပစ်အခတ် မရှိဘဲ အဆုံးသတ်သွားခဲ့ပါတယ်။

ရုရှားဖက်ယိမ်းတဲ့ ခရိုင်းမီးယား ခေါင်းဆောင်က ဒေသတွင်း မီဒီယာတွေကို ပြောရာမှာ အခြေအနေ အားလုံး ငြိမ်သက်နေပြီး သူ့အခေါ်အရ ကိုယ့်ကိုယ်ကို ကာကွယ်ဖို့ ဖွဲ့ထားတဲ့ တပ်တွေဖက်ကလည်း တိုက်ခိုက်ဖို့ ကြိုးပမ်းမှု မရှိဘူးလို့ ဆိုပါတယ်။

အခင်းဖြစ်တဲ့နေရာမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက် ပြောပြချက်အရ ပင်လယ်နက် ဒေသက ရုရှား ရေတပ်က ထရပ်ကား နှစ်စင်း စစ်စခန်း ဂိတ်ပေါက်မှာ ရပ်ထားတာ တွေ့ရပြီး ပုံမှန်တွေ့နေကျ မဟုတ်တဲ့ စစ်သားတွေက စခန်းကို ဝိုင်းထားပေမယ့် သိမ်းတဲ့ ပုံစံမျိုးတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။

ဒါ့အပြင် ပစ်ခတ်သံတွေလည်း မကြားရဘူးလို့ သူက ပြောပါတယ်။

ခရိုင်းမီးယားဒေသမှာ အကြမ်းဖက် ၊ ခြိမ်းခြောက် အန္တရယ် ပြုမှု တိုးလာမယ့်ပုံ ရှိတယ်လို့ အဲဒီမှာ ရောက်နေတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

လက်နက်ကိုင် ဂိုဏ်းအဖွဲ့တွေက လူတွေဆီကနေ ပစ္စည်းတွေ စတင်လုယက်လာကြသလို ဘေ့စ်ဘောတုတ် ကိုင်ထားတဲ့ လူရမ်းကားတွေ လမ်းတွေပေါ်မှာ အသွားအပြန် လမ်းလျှောက်နေကြပြီး ခရိုင်းမီးယား ဒေသခံ တာတာ တွေကလည်း သူတို့နေရာတွေကို ဂိတ်တံခါး အရံအတားတွေ လုပ်လာကြပါတယ်။

အမေရိကန်က ပန်တာဂွန် စစ်တပ်ကတော့ အခုအခါ peninsula ဒေသမှာ ရုရှား တပ် နှစ်သောင်း လေးထောင်လောက် ရှိတယ်လို့ ယူဆရကြောင်း ပြောပါတယ်။

တချိန်တည်းမှာ ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov ကတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး အနေနဲ့ အစောတလျင် မလုပ်ပါနဲ့ ၊ မစဉ်းမစားလုပ်ရင် ရုရှား အမေရိကန် ဆက်ဆံရေးကို ထိခိုက်နိုင်တယ်လို့ ပြောပါတယ်။

ရုရှားအပေါ် ပိတ်ဆို့ အရေးယူမယ် ဆိုရင် ခရိုင်းမီးယား ကိစ္စမှာ ပြောင်းပြန် ဖြစ်သွားပြီး ပြန်ခံရလိမ့်မယ်လို့ မစ္စတာ လာရော့ဗ် က ဂျွန်ကယ်ရီနဲ့ ဖုန်းပြောရာမှာ သတိပေးလိုက်ပါတယ်။

ခရိုင်းမီးယား ရုရှားနဲ့ ပေါင်းမလား ဆိုတဲ့ကိစ္စကို လူထုဆန္ဒကောက်ခံဖို့ လွှတ်တော် အမတ်တွေရဲ့ မဲခွဲ ဆုံးဖြတ်ချက်ကို ရုရှား အထက်လွှတ်တော်က မနေ့က သောကြာနေ့တုန်းက ထောက်ခံခဲ့ပါတယ်။

ယူကရိန်းဟာ ဂတ်စ်ဖိုး အကြွေးတွေ ဆပ်ဖို့ ပျက်ကွက်မယ် ဆိုရင် ဂတ်စ် ဖြတ်တောက်ပစ်မယ်လို့ ရုရှား အစိုးရပိုင် ဂတ်စ်ပရော်မ် က သတိပေးလိုက်ပါတယ်။

ယူကရိန်းမှာ ညွှန့်ပေါင်း အစိုးရသစ် ဖွဲ့စည်းဖို့ နဲ့ ရုရှား စကားပြောတဲ့ သူတွေ အကျိုးစီးပွားကို ကာကွယ်နိုင်မယ့် ဖွဲ့စည်းပုံ ပြုပြင်ရေး ဆိုင်ရာ ကိစ္စရပ်တွေ အပေါ် အာဏာပိုင်တွေကို ရုရှား အစိုးရက ဖိအားပေးချင်တာကြောင့် အခုလို သတိပေးချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ယူကရိန်း အနေနဲ့ ပေးစရာရှိတဲ့ အကြွေး ဒေါ်လာ သန်းနှစ်ထောင်နီးပါး မဆပ်ဘူး ဆိုရင် ၂ဝဝ၉ ခုနှစ်တုန်းကလို ဂတ်ပို့လွှတ်မှု ဖြတ်ပစ်မယ်လို့ ဂတ်စ်ပရော်မ် ကုမ္ပဏီ က ပြောပါတယ်။

၂ဝဝ၉ ခုနှစ်တုန်းက ဥရောပ အရှေ့တောင်ပိုင်းမှာ အရမ်းအေးနေချိန် ရုရှားက ယူကရိန်းကို သီတင်းနှစ်ပတ်ကြာ ဂတ်စ် ဖြတ်တောက်ခဲ့တာ ဖြစ်ပါတယ်။