လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေအကြောင်း စုံစမ်းစစ်ဆေးနေ

ဓာတ်ပုံ မူပိုင် Getty
Image caption လေယာဉ်နဲ့ နာရီ ၃၀ကျော်အဆက်ပြတ်ခဲ့အပြီး အဆိုးဆုံးကို ပြင်ထားကြဖို့ ပြော

ခိုးထားတဲ့ ဥရောပ နိုင်ငံကူးလက်မှတ် တွေ ကိုင်ဆောင်ထားသူ နှစ်ဦးဟာ အခု ပျောက်ဆုံး နေတဲ့ မလေးရှား လေယာဉ်ပေါ်မှာ ပါသွားပြီး သူတို့ လက်မှတ်တွေကို တချိန်ထဲမှာ ဝယ်ခဲ့ကြ တာ ဖြစ်ကြောင်း ဘီဘီစီက အတည်ပြု သိရပါတယ်။

အဲဒီလူ နှစ်ဦးစလုံးဟာ လေယာဉ်လက်မှတ်တွေကို China Southern လေကြောင်းလိုင်းကနေ ဝယ်ခဲ့တာ ဖြစ်ပြီး ဘေဂျင်းမြို့ကနေ Amsterdamကို သွားမယ့် ခရီးစဉ်အတွက် လက်မှတ် ကြိုဝယ်ထားတယ်လို့ သိရပါတယ်။

အကြမ်းဖက်တိုက်ခိုက်မှု ခံခဲ့ရတယ် ဆိုတဲ့ အထောက်အထား တစုံတရာ မတွေ့ရပေမယ့် လေယာဉ်ပေါ် ပါသွားတဲ့ တခြားခရီးသည်တွေဟာ ဘယ်သူဘယ်ဝါ ဖြစ်သလဲ ဆိုတာကို မလေးရှား အာဏာပိုင်တွေက စစ်ဆေး ကြည့်ရှုနေပါတယ်။

ခရီးသည်တွေနဲ့ လေယာဉ်အမှုထမ်း စုစုပေါင်း ၂၃၉ဦး တင်ဆောင်သွားတဲ့ အဲဒီ Boeing 777 လေယာဉ်ဟာ ကွာလာလမ်ပူမြို့ကနေ ဘေဂျင်းမြို့ကို အသွား လမ်းမှာ ပျောက်ဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

မလေးရှား လေယာဉ်ကို ရှာဖွေမှုတွေ ဆက်လုပ်နေချိန်မှာပဲ လေယာဉ်ပေါ်ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုတွေ အနေနဲ့ အဆိုးဆုံးကို ကြိုတွက်ထားကြဖို့ မလေးရှား လေကြောင်းလိုင်းရဲ့ ပြောခွင့်ရ ပုဂ္ဂိုလ်က ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

လေယာဉ်နဲ့ နာရီပေါင်း ၃၀ကျော်လောက် အဆက်အသွယ် မရ ဖြစ်ခဲ့အပြီးမှာ လေယာဉ်ပေါ် ပါသွားတဲ့ ခရီးသည်တွေရဲ့ မိသားစုဝင်တွေကို အဆိုးဆုံး အခြေအနေတွေ ဖြစ်လာနိုင်တာမို့ ကြိုတင် ပြင်ဆင်ထားကြဖို့ ပြောခဲ့တယ်လို့ မလေးရှားလေကြောင်းလိုင်း ပြောခွင့်ရ ပုဂ္ဂိုလ်က ပြောသွားပါတယ်။

ပျောက်ဆုံးနေတဲ့ လေယာဉ်ကို နိုင်ငံပေါင်း ၉နိုင်ငံက သင်္ဘော အစင်း၄၀၊ လေယာဉ် ၃၄စင်းနဲ့ ပူးပေါင်း ရှာဖွေနေတယ်လို့ မလေးရှား အာဏာပိုင်တွေက ပြောပါတယ်။