အိန္ဒိယမှာ ကွန်မြူနစ်သူပုန် တိုက်ခိုက် ၁၆ ဦး သေ

ဓာတ်ပုံ မူပိုင် AFP
Image caption အိန္ဒိယ အလယ်ပိုင်း တစ်နေရာမှာ လုံခြုံရေးယူနေတဲ့ အိန္ဒိယ စစ်သားတွေ

အိန္ဒိယနိုင်ငံရဲ့ အလယ်ပိုင်း ပြည်နယ် တစ်ခုဖြစ်တဲ့ ချာတစ်ဂါးရ် ပြည်နယ်မှာ မော်ဝါဒီ ကွန်မြူနစ် သူပုန်တွေရဲ့ တိုက်ခိုက်မှုကြောင့် အနည်းဆုံး စစ်သား ၁၆ ဦး သေဆုံးသွား တယ်လို့ အိန္ဒိယ ရဲတပ်ဖွဲ့က ပြောပါတယ်။

အဲဒီ စစ်သားတွေဟာ လမ်းဖောက်နေတဲ့ အလုပ်သမားတွေရဲ့ လုံခြုံရေးကို ယူဖို့အသွား လမ်းမှာ ခြုံခို တိုက်ခိုက်မှု ခံခဲ့ရတာလို့ ဆိုပါတယ်။

အခု အတိုက်အခိုက် ခံလိုက်ရတဲ့ နေရာဟာ အာဏာရ ကွန်ဂရက် ပါတီဝင် အများစု ပါဝင်တဲ့ လူ ၂၄ ယောက် သေဆုံးခဲ့တဲ့ မနှစ်က အတိုက်အခိုက် ခံခဲ့ရတဲ့ နေရာနဲ့ သိပ်မလှမ်းဘူးလို့ သိရပါတယ်။

မော်ဝါဒီ ကွန်မြူနစ်တွေဟာ အိန္ဒိယရဲ့ အလယ်ပိုင်းနဲ့ အရှေ့ခြမ်း ပြည်နယ်တွေမှာ လှုပ်ရှားနေခဲ့ကြတာ ဆယ်စုနှစ် ၄ ခု ကျော်ပြီ ဖြစ်ပါတယ်။

သူတို့ဟာ ကွန်မြူနစ် နိုင်ငံ ထူထောင်နိုင်ဖို့နဲ့ ဆင်းရဲသားတွေအတွက် မြေယာနဲ့ အလုပ်အကိုင်တွေ ရရှိရေး အတွက် တောင်းဆိုနေကြတာ ဖြစ်ပါတယ်။

ကွန်မြူနစ် ပြောက်ကျား တပ်ဖွဲ့တွေကို အထူးသဖြင့် မော်ဝါဒီ အုပ်စုကို အိန္ဒိယမှာ နက်ဇ်ဇာလိုက်ထ် Naxalites တွေလို့ ခေါ်ဝေါ်ကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ