နားလည်ရခက်တဲ့ မလေးရှား လေယာဉ်

  • 11 မတ် 2014
Malaysia Airline
Image caption မလေးရှား လေကြောင်းလိုင်းရဲ့ လမ်းကြောင်း

မလေးရှားလေယာဉ် ပျောက်ဆုံးမှုဟာ နားလည်ရ အင်မတန် ခက်ခဲတဲ့ ဂမ္ဘီရ ပုစ္ဆာ တပုဒ်လို ဖြစ်နေ ပါတယ်။

လူပေါင်း ၂၃၉ ယောက်တင်ဆောင်ထားတဲ့ ဧရာမ လေယာဉ်ကြီးဟာ ကောက်ရိုး ပုံထဲ ကျသွားတဲ့ အပ်လို အစအနတောင် ရှာမရပဲ ပျောက်ခြင်း မလှကြီး ပျောက် နေ တာဟာ သာမန်လူတွေ အတွက်သာ မကဘဲ ပညာရှင်တွေ ကျွမ်းကျင်သူတွေ အတွက်ပါ အံ့အားသင့်စရာ ဖြစ်လာနေပါတယ်။

မကြာခင်တုန်းက ပင်လယ်ပြင်မှာဆီကွက်ကြီးတွေ့တယ်လို့ ပြောခဲ့ပေမဲ့ တကယ်တန်းစစ်ဆေးကြည့်တဲ့ အခါ အဲဒီ ဆီကွက်ကြီးကလည်း လေယာဉ် ဆီ မဟုတ်ပါဘူး။

ဗီယက်နမ်နားမှာ အပျက်အစီးအစအန တွေ့တယ် သတင်းထွက်ပေမဲ့ ဒါကလည်း မဟုတ်ပြန်ပါဘူး။

တရုတ်နိုင်ငံက ဆွေမျိုးသားချင်းက ခရီးသည်ရဲ့ ဖုန်းကို ခေါ်တဲ့ အခါ ဖုန်းကိုင် မယ့်သူ မရှိပေမဲ့ ဖုန်းလိုင်းက ဝင်နေ တယ်လို့ ဆိုပြန်ပါတယ်။

အတွေ့ကြုံရှိတဲ့ လေယာဉ်မှူးတွေရော လုံခြုံရေးပညာရှင်တွေရော စုံစမ်းရှာဖွေသူတွေပါ ခေါင်းကိုက်ရတဲ့ ပြဿနာ တခုဖြစ်လာပါတယ်။

လေယာဉ် ပျောက်ဆုံး နိုင်တဲ့ အကြောင်း တရားတွေက အမျိုးမျိုး ရှိနိုင် ပါတယ်။ ဒါပေမဲ့ သဲလွန်စလေးတခုတလေမှ မကျန်တာကတော့ သိပ်ဆန်းနေပါတယ်။

တကယ်လို့ လေယာဉ်အင်ဂျင်တွေ စက်ချို့ယွင်း သွားတယ် ဆိုပါစို့။ အဲသလို စက်ချို့ယွင်းပြီးနောက်မှာ လေယာဉ်ဟာ မိုင်ပေါင်း ၈၀ ကျော် ၉၀ လောက် လေထဲမှာ ဝဲနေနိုင်ပါသေးတယ်။ ဒါဆိုရင် လေယာဉ်မှူး အတွက် အရေးပေါ် ကယ်ဆယ်ရေး တောင်းခံဖို့ရာ အချိန် ကောင်းကောင်း ရနိုင်ပါတယ်။

တကယ်လို့ လေယာဉ်တံခါးတခုခု ပျက်စီးလို့ လေဖိအား ရုတ်တရက် ပြောင်းသွားတယ် ဆိုပါစို့။ ဒါဆိုရင်တော့ လေယာဉ်မှူးဟာ လေယာဉ်ကို အမြန်ဆုံး နိမ့်ရာ ရောက်ဖို့ ကြိုးစားရပါလိမ့်မယ်။ ဒါပေမဲ့ ဒါကလည်း လေယာဉ်ကို ရုတ်တရက် တစစီ ပေါက်ကွဲ သွားတာ မျိုးတော့ မဖြစ်နိုင် ပြန်ပါဘူး။

တကယ်လို့ လေယာဉ်မှူးတွေ အကြောင်း တစုံတရာ ကြောင့် ဥပမာ အောက်ဆီဂျင် ပြတ်သွားလို့ အားလုံး သတိ လစ်ကုန်တယ် ဆိုပါတော့ လေယာဉ်ကတော့ ဆက်ပျံ နေဉီးမှာပါ။

အဲသလို ပျံနေချိန်မှာ လေယာဉ်မှူးတွေဆီက အသံတိတ်နေတာကို မြေပြင်က သတိထားမိရမှာပါ။

လေယာဉ် ပြန်ပေး ဆွဲမယ့် သူတွေက လေယာဉ် မောင်းခန်း ထဲကို ချိုးဖျက် ဝင်ရောက် ဖို့ကြိုးစား လာကြတယ်ဆိုပါစို့။ ဒါဆိုရင်လည်း လေယာဉ်မှူးတွေ အနေနဲ့ ပေးပို့နိုင်တဲ့ အရေးပေါ် စကားဝှက်တွေ ရှိနေပြန် ပါသေးတယ်။

တခြားပျံသန်းနေတဲ့ လေယာဉ်တွေရဲ့ အရေးပေါ်လိုင်းတွေကနေ ကြားကြရမှာပါ။

စဉ်းစားလို့ ရသမျှဟာ အစနကောက်မရလောက်အောင် ပျောက်သွား စရာ အကြောင်း မရှိ ဖြစ်နေပါတယ်။ ဒါ့ကြောင့်လည်း ရှာလေ မတွေ့လေ ဂမ္ဘီရပုစ္ဆာတပုဒ်လို အဖြေထုတ်ရခက်ခဲလေဖြစ်နေပါတယ်။