ဟောင်ကောင်သတင်းသမား ဓားထိုးခံရမှု ၉ ဦးဖမ်းဆီး

ဓာတ်ပုံ မူပိုင် Reuters
Image caption ဓားထိုးခံရသူ သတင်းစာ အယ်ဒီတာဟောင်း Kevin Lau

ဟောင်ကောင်နဲ့ တရုတ်ပြည်က ရဲတွေဟာ ပြီးခဲ့တဲ့ လက ဖြစ်ပွားခဲ့တဲ့ ဟောင်ကောင် ဝါရင့် သတင်းစာသမား တစ်ဦး ဖြစ်သူ မစ္စတာ ကယ်ဗင်လု ဓားနဲ့ထိုး တိုက်ခိုက်ခံခဲ့ရတာနဲ့ ပတ်သက်ပြီး လူ ၉ ဦးကို ဖမ်းဆီးလိုက်ပါတယ်။

ဒီလူတွေထဲက တကယ် လူသတ်ဖို့ လုပ်ဆောင်ခဲ့တဲ့ လူ ၂ ယောက်ဟာ ဟောင်ကောင် အခြေစိုက် လူဆိုးဂိုဏ်းဝင်တွေ ဖြစ်တယ်လို့ ရဲတွေက ဆိုပါတယ်။

အဲဒီ ၂ ယောက်ကို တရုတ်ပြည် တောင်ပိုင်းမှာ ဖမ်းဆီး ထိန်းသိမ်းထားပါတယ်။

ဟောင်ကောင်ရဲ့ သိက္ခာရှိ နေ့စဉ်ထုတ် သတင်းစာ တစ်စောင် ဖြစ်တဲ့ Ming Pao သတင်းစာရဲ့ အယ်ဒီတာချုပ်ဟောင်း ကယ်ဗင်လုဟာ မော်တော်ဆိုင်ကယ်စီး လူ ၂ ဦးရဲ့ အတိုက်အခိုက် ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီ တိုက်ခိုက်မှုဟာ ဟောင်ကောင် တစ်မြို့လုံးကို ချောက်ချားသွားစေခဲ့ပြီး သတင်းလောကကို ခြိမ်းခြောက် အန္တရာယ်ပေးမှုတွေ မပြုရေး ဆန္ဒပြပွဲတွေ ဖြစ်ပွားလာစေခဲ့ပါတယ်။

ရဲတပ်ဖွဲ့ကတော့ ဒီတိုက်ခိုက်မှုရဲ့ တကယ့် အကြောင်းရင်းခံ ရည်ရွယ်ချက်ကို ရှင်းရှင်းလင်းလင်း မသိရသေးဘူးလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ