အီစတန်ဘူက စျာပန လူထောင်ချီ စုဝေး

  • 12 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption ၁၅ နှစ်သား Berkin Elvan ရဲ့ စျာပန

တူရကီနိုင်ငံမှာ မနှစ်က နွေရာသီမှာ ဖြစ်ပေါ်ခဲ့တဲ့ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေအတွင်း ထိခိုက်ဒဏ်ရာ ရရှိခဲ့ပြီး ၉ လ ကျော် သတိလစ် မေ့မျောနေခဲ့တဲ့ ၁၅ နှစ်သားလေး Berkin Elvan အင်္ဂါနေ့က ကွယ်လွန်သွားခဲ့ပြီးတဲ့နောက် ဒီကနေ့ အီစတန်ဘူမြို့မှာ သူ့ရဲ့ စျာပနမှာ ထောင်နဲ့ချီတဲ့ လူတွေ စုဝေးပြီး ဝမ်းနည်းမှုကို ပြသနေကြပါတယ်။

သူဟာ ပေါင်မုန့်ဝယ် ထွက်ရင်းက အဓိကရုဏ်း နှိမ်နင်းရေး တပ်ဖွဲ့ဝင်တွေ ပစ်လွှတ်ခဲ့တဲ့ မီးခိုးငွေ့ဗုံး ဦးခေါင်းကို ထိမှန်ခံခဲ့ရတာ ဖြစ်ပါတယ်။

အဲဒီနောက်ပိုင်း သူ့ရဲ့ ပုံရိပ်ဟာ အစိုးရ ဆန့်ကျင်ရေး ဆန္ဒပြပွဲတွေ အတွင်း အရေးပါတဲ့ သင်္ကေတ သဖွယ် ဖြစ်လာခဲ့ပါတယ်။

သူ့ရဲ့ စျာပနကို ကိုယ်တိုင် ရောက်ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က လူတွေမှာ တကယ့် ဝမ်းနည်းမှု၊ မကျေနပ်မှုနဲ့ ဒေါသတွေ တွေ့နေရပြီး Berkin Elvan ရဲ့ အမည်ကို လက်ခုပ်တွေ တီးရင်း ဟစ်ကြွေးနေကြတယ်လို့ ဆိုပါတယ်။

လူတွေ စုဝေးနေရာမှာ ယူနီဖောင်းဝတ် ရဲသားတွေကို မတွေ့ရပေမယ့် လူနာတင် ယာဉ်တွေ အဆင်သင့် စောင့်ဆိုင်းနေတာ တွေ့ရတယ်လို့ ဆိုပါတယ်။

ဒီကနေ့မှာ နိုင်ငံအနှံ့ ဆန္ဒပြပွဲတွေ ပြုလုပ်ဖို့ တူရကီရဲ့ အင်အားအကြီးဆုံး အလုပ်သမား သမဂ္ဂက လှုံ့ဆော်ထားပါတယ်။

Berkin Elvan သေဆုံးတဲ့ သတင်း ထွက်လာခါစတုန်းကလည်း အင်ကာရာနဲ့ အီစတန်ဘူ မြို့ကြီးတွေမှာ ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ