ခရိုင်းမီးယားကို ရုရှားထဲ မထည့်ဖို့ အနောက်အုပ်စု ဖိအားပေး

  • 13 မတ် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption မစ္စတာအိုဘားမားနဲ့ မစ္စတာ ယက်ဆဲညုက်တို့ အိမ်ဖြူတော်မှာ တွေ့ဆုံ ဆွေးနွေးခဲ့ကြ

ယူကရိန်း နိုင်ငံမှာ ရှိတဲ့ ခရိုင်းမီးယားဒေသကို ရုရှား နိုင်ငံထဲ ဆွဲသွင်းဖို့ ရုရှား အစိုးရက ကြိုးပမ်း နေတာတွေကို ရပ်ရင်ရပ် မရပ် ရင်တော့ ဒဏ်ခတ် ပိတ်ဆို့မှုတွေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှားအစိုးရကို အနောက်အုပ်စု နိုင်ငံ ခေါင်းဆောင်တွေက သတိပေး လိုက်ပါတယ်။

ခုပုံစံအတိုင်း ဆက်သွားနေမယ် ဆိုရင်တော့ ရုရှားအစိုးရအနေနဲ့ ပေးဆပ်ရလိမ့်မယ်လို့ အမေရိကန် သမ္မတ အိုဘားမားက ပြောကြားလိုက်ပါတယ်။

ခရိုင်းမီးယားကို ရုရှားနိုင်ငံနဲ့ ပေါင်းသင့် မသင့် ဆိုတာကို အခုလာမယ့် တနင်္ဂနွေနေ့မှာ လူထု ဆန္ဒခံယူပွဲ ကျင်းပဖို့ လုပ်တာဟာ နိုင်ငံတကာ ဥပဒေကို ချိုးဖေါက်ရာ ကျတယ်လို့လည်း သမ္မတ အိုဘားမားက ပြောသွားပါတယ်။

ယူကရိန်း ကြားဖြတ် ဝန်ကြီးချုပ် အာဆဲနီ ယက်ဆဲညုက် နဲ့ ဆွေးနွေး ပြောဆိုအပြီးမှာ သမ္မတ အိုဘားမားက အိမ်ဖြူတော်မှာ အခုလို ပြောကြားလိုက်တာပါ။

မစ္စတာ အာဆဲနီ ယက်ဆဲညုက် ကတော့ ယူကရိန်းနိုင်ငံအနေနဲ့ ဘယ်တော့မှ လက်မြှောက် အရှုံးပေးမှာ မဟုတ်ဘူးလို့ အခိုင်အမာ ပြောသွားပါတယ်။

ခရိုင်းမီယား ဒေသ ကိစ္စ လူထု ဆန္ဒ ခံယူပွဲကို ရုရှားက ရှေ့ဆက် ကျင်းပသွားမယ် ဆိုရင် EU ဥရောပ သမဂ္ဂ ကရော G7 စက်မှု ထိပ်သီး ၇နိုင်ငံ ကပါ ရုရှားနိုင်ငံ အပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်သွားမယ်လို့ အစောပိုင်းတုန်းက ပြောသွားပါတယ်။

မနက်ဖြန် သောကြာနေ့မှာတော့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ယူကရိန်း ပဋိပက္ခ ဖြေရှင်းရေး နည်းလမ်းတွေ ချပြဖို့အတွက် ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေး လက်ဗ်ရော့ဗ် နဲ့ တွေ့ဆုံမှာ ဖြစ်ပါတယ်။