ခရိုင်းမီးယားကိစ္စ လုံခြုံရေးကောင်စီမှာ ရုရှားပယ်ချ

  • 16 မတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ကုလသမဂ္ဂ ဆိုင်ရာ ရုရှား သံအမတ် ဗစ်တယ်လီ ချက်ကင်

ခရိုင်းမီးယား ဒေသဟာ ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်းအဖြစ် ဆက်ရှိနေမှာလား၊ ရုရှနဲ့ပူးပေါင်းမှာလား ဆိုတာကို ဒီကနေ့ ဆန္ဒခံယူပွဲ လုပ်ကြတော့မှာ ဖြစ်ပါတယ်။

မနေ့က စနေနေ့ကတော့ ဒီဆန္ဒခံယူပွဲကို နိုင်ငံတကာက အသိအမှတ် မပြုဖို့ အမေရိကန်က မူကြမ်းရေးထားတဲ့ ဆုံးဖြတ်ချက်တရပ်ကို ကုလသမဂ္ဂ လုံခြုံရေးကောင်စီမှာ ရုရှားက ဗီတိုအာဏာနဲ့ ပယ်ချခဲ့ပါတယ်။

ခရိုင်းမီးယားဒေသမှာ တင်းမာမှုတွေ တစထက်တစ ပိုပြီးပြင်းထန်လာနေတာကို မြင်နေရပါတယ်။

ရုရှသံအမတ်ကြီး ဗစ်တာလီချာကင်ကတော့ အမေရိကန်တို့ ရေးထားတဲ့ ဆုံးဖြတ်ချက်မူကြမ်းဟာ ခရိုင်းမီးယား ပြည်သူတွေရဲ့ ကိုယ့်ကြမ္မာကိုယ်ဖန်တီးခွင့်ကို တားဆီးရာရောက်တယ်လို့ ပြောခဲ့ပြီး မတ်လ ၁၆ ရက်နေ့မှာ ခရိုင်းမီး ယားပြည်သူတွေ ကိုယ်တိုင် သူတို့အနာဂတ်အတွက် မဲပေးမှာ ဖြစ်ကြောင်းနဲ့ ဒါကို တရားမဝင်ဘူးလို့ ဆိုနေကြတာကို လက်မခံပါဘူးလို့ ပြောပါတယ်။

အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဆမန်သာပါဝဲလ် ကတော့ ရုရှဟာ စစ်ရေးအရ ကျူးကျော်မှုကို အကာအကွယ် ယူဖို့ ဗီတို အာဏာ သုံးခဲ့တာလို့ ဆိုခဲ့ပြီး၊ ယူကရိန်းနဲ့ နိုင်ငံတကာဥပဒေတွေအရ ခရိုင်းမီးယားဟာ ဘယ်လိုမှ ရုရှားပိုင် နက် ဖြစ်မလာနိုင်ဘူးလို့ ပြောခဲ့ပါတယ်။

ဒီကနေ့ ကျင်းပမယ့် ဆန္ဒခံယူပွဲ မတိုင်ခင်မှာ ခရိုင်းမီးယားမှာ တင်းမာမှုတွေကလည်း ပိုတိုးလာနေ ပါတယ်။

ခရိုင်းမီးယားဒေသ မြောက်ဖက်မှာရှိတဲ့ ကျေးရွာတခုကို ရုရှား ရဟတ်ယာဉ်တွေနဲ့ စစ်သား ၁၀၀ လောက် ပို့ဆောင် ခဲ့တယ်လို့ ယူကရိန်းဖက်က စွပ်စွဲထားပါတယ်။

ယူကရိန်းအရှေ့ပိုင်းက ဒွန်နက်စ်က် မြို့မှာလည်း ရုရှလိုလားတဲ့ ဆန္ဒပြ သမားတွေက ဒေသလုံခြုံရေးဌာနချုပ်ရုံးကို ဝင်ရောက်ပြီး မှန်တွေကိုရိုက်ခွဲရင်း Freedom ဆိုပြီး ကြွေးကျော်ခဲ့ပါတယ်။

ခရိုင်းမီးယားမှာ ရောက်နေတဲ့ ဘီဘီစီသတင်းထောက်က ဆန္ဒခံယူပွဲရဲ့ရလဒ်ဟာ ရုရှားနဲ့ပူးပေါင်းမယ်ဆိုတဲ့ အဖြေထွက်လာမှာ သေချာသလောက် ဖြစ်နေတယ်လို့ ပြောပါတယ်။

တကယ်လို့သာ ဒီအဖြေ တကယ်ထွက်လာရင် လက်ရှိတင်းမာမှုတွေဟာ လျော့သွားဖို့ထက် ပိုတိုးလာဖို့သာ များနေတယ်လို့ အကဲခပ်တွေက ဆိုပါတယ်။