ခရိုင်းမီးယားဒေသ ရုရှားနဲ့ပေါင်းဖို့ လူထုဆုံးဖြတ်

  • 17 မတ် 2014
ရုရှားနဲ့ပေါင်းဖို့ လူထုက တခဲနက်မဲပေးခဲ့ ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှားနဲ့ပေါင်းဖို့ လူထုက တခဲနက်မဲပေးခဲ့

ခရိုင်းမီးယား ခေါင်းဆောင်တွေက ရုရှားနဲ့ပေါင်းဖို့ အဆိုကို တနင်္လာနေ့မှာ စတင်လျှောက်ထားမယ်လို့ ပြောပါတယ်။ ရုရှားသမ္မတ ဗလာဒီမီယာ ပူတင်ကလည်း ခရိုင်မီးယား ပြည်သူလူထုရဲ့ အသံကို လေးစားလိုက်နာမယ်လို့ ပြောထားပါတယ်။

ခရိုင်မီးယားမှာ ၅၈ရာနှုန်းက ရုရှား နွယ်ဝင်တွေဖြစ်ပြီး ကျန်တာက ယူကရိန်းနဲ့ တာတာလူမျိုးတွေ ဖြစ်ကြပါတယ်။ ဘီဘီစီနဲ့ စကားပြောရတဲ့ တာတာတွေကတော့ ရုရှား အုပ်ချုပ်မှု အောက်မှာ ပိုဆိုးဝါးနိုင်လို့သူတို့က ဆန္ဒခံယူပွဲကို မဲမပေးပဲ သပိတ်မှောက်တယ်လို့ပြောပါတယ်။

ခရိုင်မီးယားမှာ အခုလိုတခဲနက် မဲပေးဆုံးဖြတ်ချိန်မှာပဲ ကီးယက်မြို့တော်မှာတော့ စိတ်ပူမှု ဒေါသထွက်မှုတွေနဲ့တုန့်ပြန်နေကြတာ တွေ့ရပါတယ်။ အမျိုးသား ကာကွယ်ရေးအတွက် ၂ပါတ်အတွင်း လူ၁၀၀၀၀ တပ်သားစုဆောင်းမယ့်အစီအစဉ်ကို အစိုးရကကြေညာပါတယ်။

ဖာသား လင်းပါတီ မှယူကရိန်းအမတ် Lesya Orobets ကဒေသတွင်းမှာ ရုရှားနောက်ထပ်နယ်မြေတွေ မသိမ်းနိုင်အောင်နိုင်ငံတကာမှ စစ်ရေးအရ ပါဝင်ဆောင်ရွက်ဖို့လိုအပ်နေပြီလို့ ဘီဘီစီကိုပြောပါတယ်။

အမေရိကန်နဲ့ အီးယူကတော့ ခရိုင်းမီးယား ဆန္ဒခံယူပွဲကို တရားမဝင်ဘူးလို့ပြောပြီး အသိအမှတ်မပြုပါဘူး။ ဒီကနေ့မှာပဲ ဘရပ်ဆဲမှာ အီးယူနိုင်ငံခြားရေးဝန်ကြီးတွေ အစည်းအဝေးလုပ်ပြီး ရုရှားကို နောက်ထပ် ပိတ်ဆို့အရေးယူမှုတွေ လုပ်မှာဖြစ်ပါတယ်။

ကီယက်ရှိ အစိုးရကလည်းအခုအချိန် စောင့်ကြည့်နေရုံသာရှိပြီး အနောက်နိုင်ငံတွေက ပေးမယ်ဆိုတဲ့ ငွေကြေး အမြောက်အမြားရဖို့ မျှော်လင့်နေပါတယ်။

အခုအခါ ယူကရိန်းလုံခြုံရေးနဲ့ နယ်မြေတည်တံ့ခိုင်မြဲရေးကို ခြိမ်းခြောက်ခံနေရသလို ရုရှားက ယူကရိန်း အစိုးရသစ်ကို မလိုလားပဲ တိုင်းပြည်ပြိုကွဲအောင်လုပ်နေတယ်လို့ လူအများက ခံစား နေကြရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ