အမည်မသိလေယာဉ်ဝင်မလာလို့ အာရှ အလယ်ပိုင်း နိုင်ငံတွေ ဆို

  • 18 မတ် 2014
Image caption ပျောက်နေတဲ့ လေယာဉ် ပျံသန်းသွားနိုင်ဖွယ်ရှိတဲ့ လမ်းကြောင်းနှစ်ခုပြ မြေပုံ

လူ ၂၃၉ယောက် တင်ဆောင်ပြီး အစအန ရှာမရ ဖြစ်နေတဲ့ မလေးရှား လေယာဉ် ပျောက်ဆုံးခဲ့တဲ့ မတ်လ ၉ရက်နေ့မှာ သူတို့ နိုင်ငံ လေကြောင်းပိုင်နက်ထဲကို အမည်မသိ လေယာဉ် တစင်းမှ ဝင်ရောက်လာတာ မရှိခဲ့ဘူးလို့ အာရှ အလယ်ပိုင်းက ကာဇက်စတန်နဲ့ ခါဂစ်စတန် နိုင်ငံတွေက ပြောပါတယ်။

ကွာလာလမ်ပါ ကနေ ဘေဂျင်းကို ပျံသန်းရင်း လမ်းကြောင်းပြောင်းသွားခဲ့ပြီးတဲ့နောက် ဒီပျောက်နေတဲ့ လေယာဉ် သွားနိုင်တဲ့ မြောက်ဖက်နဲ့ တောင်ဖက် လမ်းနှစ်ခု အနက် ဒီနိုင်ငံ နှစ်ခုဟာ မြောက်ပိုင်းက ပျံသန်းရေး လမ်းကြောင်းအဆုံးမှာ ရှိနေတာ ဖြစ်ပါတယ်။

အခုတော့ ဒီလေယာဉ်ပျောက်ကို နိုင်ငံပေါင်း ၂၅ နိုင်ငံပါဝင် ရှာဖွေ နေကြတာ ဖြစ်ပါတယ်။

ရှာဖွေရေးမှာ ပူးပေါင်းပါဝင်လုပ်ဆောင်ပေးနေတဲ့ အမေရိကန်က သူတို့ရဲ့ စစ်သင်္ဘောတွေထဲက တစင်းကို ပြန်ရုပ်သိမ်းလိုက်ပြီး လေယာဉ်တွေနဲ့ အစားထိုး ရှာဖွေ ကူညီပေးနေတယ်လို့ ပြောပါတယ်။