ပြည်နယ် အခွင့်အရေး ပိုပေးမယ်လို့ ယူကရိန်း ပြော

  • 18 မတ် 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ရုရှားလူမျိုးစုတွေကို ရည်ရွယ်ပြီး မိန့်ခွန်းပြောတဲ့ ယူကရိန်း ဝန်ကြီးချုပ်

ယူကရိန်းရဲ့ ပြည်နယ် ဒေသတွေကို ကိုယ်ပိုင် အခွင့်အရေးတွေ ပိုမို ပေးအပ်မှာ ဖြစ်ပြီး ဗဟိုအစိုးရ အနေနဲ့ ထောက်ပံ့မှုတွေလည်း ပြုလုပ်မယ်လို့ ယူကရိန်း ဝန်ကြီးချူပ် အာဆင်းနီ ယက်ဆင်ညုက ရုပ်မြင်သံကြား ကနေ ရုရှား ဘာသာစကားနဲ့ မိန့်ခွန်း ပြောကြားခဲ့ရာမှာ ကတိပေးခဲ့ပါတယ်။

ဒီလို ပြောကြားမှုဟာ ရုရှား မျိုးနွယ်စုတွေ နေထိုင်ရာ တောင်ပိုင်းနဲ့ အရှေ့ပိုင်း နယ်တွေကို ရည်ရွယ် ပြောကြားတာ ဖြစ်ပါတယ်။

ယူကရိန်း နိုင်ငံအတွင်း ညီညွတ်မှုနဲ့ အချူပ်အခြာ အာဏာ ခိုင်မြဲဖို့ရာ ပြုပြင် ပြောင်းလဲမှုတွေ ကြီးကြီးမားမား လုပ်ဆောင်မယ်လို့ မစ္စတာ ယက်ဆင်ညုက ဆိုပါတယ်။

သက်ဆိုင်ရာ ပြည်နယ်တွေရဲ့ ပညာရေး၊ ယဉ်ကျေးမှုနဲ့ သမိုင်းကြောင်း ရေးရာတွေကို လုပ်ဆောင်ပေးစဉ်မှာပဲ ပြည်နယ်အလိုက် သီးသန့် လိုအပ်ချက်တွေကိုလည်း ဖြည့်ဆည်းပေးမယ်လို့ ပြောခဲ့ပါတယ်။

အဲဒီ ယူကရိန်း တောင်ပိုင်းနဲ့ အရှေ့ပိုင်း နယ်တွေက ရုရှားမျိုးနွယ်စုတွေဟာ လူ့အခွင့်အရေး ထိပါး ခြိမ်းခြောက်မှုတွေ ခံနေရတယ်လို့ ရုရှားနိုင်ငံက ထပ်ခါတလဲလဲ ပြစ်တင် ဝေဖန်ထားပါတယ်။

အဲဒီ ဒေသက မြို့တွေဖြစ်တဲ့ ခါးရ်ကိဗ်နဲ့ ဒေါ်န်နက်စ် မြို့တွေကို ကုလသမဂ္ဂက အခြေအနေတွေ ဆန်းစစ် လေ့လာဖို့ လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့တွေ စေလွှတ်ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ