ခရိုင်းမီးယားနဲ့ ရုရှားအရာရှိတွေကို ပစ်မှတ်ထား ပိတ်ဆို့

ဓာတ်ပုံ မူပိုင် AFP
Image caption ပိတ်ဆို့ အရေးယူရခြင်း အကြောင်း ရှင်းပြတဲ့ အီးယူ အကြီးအကဲ ကတ်သရင်း အက်ရှ်တန်

ခရိုင်းမီးယားဒေသကို ရုရှားအောက်မှာ တရားဝင်ပူးပေါင်းဖို့ လုပ်နေတဲ့ ကြားကာလမှာ လွတ်လပ်ပြီး အချုပ်အချာ အာဏာပိုင် နိုင်ငံတခု အဖြစ် အသိအမှတ်ပြုကြောင်း အမိန့်တရပ်ကို ရုရှား သမ္မတ ပူတင်က လက်မှတ်ရေးထိုး လိုက်ပါတယ်။

ခရိုင်းမီးယား ဒေသကို ရုရှားရဲ့ ကျူးကျော်ဝင်ရောက်မှုနဲ့ ဆက်စပ်နေတဲ့ ရုရှားနဲ့ ယူကရိန်းက အရေးပါတဲ့ အရာရှိတွေကို အမေရိကန်နဲ့ ဥရောပ သမဂ္ဂ တို့က ပစ်မှတ်ထား ပိတ်ဆို့ အရေးယူမယ်လို့ ကြေညာခဲ့ပြီးတဲ့နောက် အခုလို သမ္မတ ပူတင်က လုပ်ဆောင်ချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

ခွဲထွက်ရေး ဖြစ်အောင် လှုံဆော် ရန်စမှု လုပ်လာရင် နောက်ဆက်တွဲ အကျိုးဆက်တွေ ခံစားရလိမ့်မယ် ဆိုတာ ရှင်းရှင်းလင်းလင်း သတိပေးလိုတယ်လို့ သမ္မတ အိုဘားမား ကပြောပြီး နောက်ထပ် အရေးယူမှုတွေကို ကြေညာကောင်း ကြေညာလိမ့်မယ်လို့ ဆိုပါတယ်။

ဒါပေမယ့် ဒီပဋိပက္ခကို သံတမန် နည်းအရ ဖြေရှင်းဖို့ နည်းလမ်းလည်း ရှိပါတယ်လို့လည်း သူက ပြောပါတယ်။

ရုရှား လက်ထောက် နိုင်ငံခြားရေး ဆာဂေး ရာကော့ဗ် ကတော့ အမေရိကန်ရဲ့ ဆောင်ရွက်ချက်တွေဟာ တဖက်သတ် ကျပြီး မျှတမှု မရှိဘူးလို့ ပြောပါတယ်။

အမေရိကန်နဲ့ ဥရောပ သမဂ္ဂက ပိတ်ဆို့ အရေးယူသူတွေထဲမှာ ခရိုင်းမီးယား ထိပ်တန်း အရာရှိတွေ ၊ ဒုဝန်ကြီးချုပ်နဲ့ ရုရှား ပါလီမန် အဖွဲ့ဝင်တွေ အပြင် ခရိုင်းမီးယားမှာ တပ်စွဲ တာဝန် ယူနေရတဲ့ ရုရှားပိုင် ပင်လယ်နက် ဒေသ နဲ့ ရုရှား အနောက်ဖက်နဲ့ တောင်ဖက် စစ်ဒေသတွေက တပ်မှူးတွေ ပါဝင်ပါတယ်။

အခုလို ခရီးသွားလာခွင့် နဲ့ ပိုင်ဆိုင်မှုတွေ ပိတ်ပင် တားမြစ် ခံရသူတွေဟာ ယူကရိန်းရဲ့ နယ်မြေ ပိုင်ဆိုင်မှုနဲ့ လွတ်လပ်ရေးကို ခြိမ်းခြောက် အန္တရာယ်ပေးတဲ့ အတွက် အရေးယူတာလို့ ဥရောပ သမဂ္ဂ နိုင်ငံခြား ပေါ်လာစီ ရေးရာ အကြီးအကဲ ကတ်သရင်း အက်ရှ်တန်က ဆိုပါတယ်။

ယူကရိန်း ယာယီ ဝန်ကြီးချုပ် အိုလက်ဇန်းဒါး တိုချီနော့ဗ် ကလည်း သူ့အစိုးရ အနေနဲ့ စစ်မက် ဖြစ်ပွားမှု ရှောင်ရှားနိုင်အောင် တက်နိုင်သမျှ အကုန်လုပ်သွားမှာ ဖြစ်ပြီး ညှိနှိုင်း ဆွေးနွေးဖို့ အသင့်ဘဲ ဒါပေမယ့် ခရိုင်းမီးယား ဒေသ ပြန်ရရေးအတွက် လက်လျော့သွားမှာတော့ မဟုတ်ဘူးလို့ ဆိုပါတယ်။