ခရိုင်းမီးယား ထည့်သွင်းမှု တရားဝင်တယ်လို့ ရုရှား ဆို

  • 19 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ယခင်အပတ်က ခရိုင်းမီးယားကို ရုရှားထဲသွင်းဖို့ လက်မှတ်ထိုးကြစဉ်

ရုရှား ဖက်ဒရေးရှင်းထဲ ခရိုင်းမီးယားကို ပေါင်းထည့်တဲ့ သဘောတူ စာချုပ်ဟာ ဥပဒေအရ တရားဝင်ကြောင်း တွေ့ရတယ်လို့ ရုရှားရဲ့ အခြေခံဥပဒေ ခုံရုံးက ဆုံးဖြတ်လိုက် ပါတယ်။

ဒီအဆုံးအဖြတ်ကို သောကြာနေ့မှာ ရုရှား ပါလီမန်ထဲ အတည်ပြုမယ်လို့ မျှော်လင့်ရပါတယ်။

အီးယူ ဘက်ကလည်း အခုလာမယ့် ကြာသပတေးနေ့မှာ ပြုလုပ်မယ့် ဘရပ်ဆဲလ် ထိပ်သီးအစည်းအဝေးမှာ ရုရှားနဲ့ ခရိုင်းမီးယား အပေါ် ပိုမို ပြင်းထန် တင်းကျပ်တဲ့ ပိတ်ဆို့ ကန့်သတ်မှုတွေ ချမှတ်ခြင်းမျိုးနဲ့ တုန့်ပြန်လာဖွယ်ရာ ရှိတယ်လို့ မော်စကိုမှာ ရှိနေတဲ့ ဘီဘီစီ သတင်းထောက်က ဆိုပါတယ်။

ခရိုင်းမီးယား အရေးနဲ့ ပတ်သက်ပြီး ချမှတ်ခဲ့တဲ့ အနောက်နိုင်ငံတွေရဲ့ အရေးယူမှုတွေဟာ လက်ခံနိုင်ဖွယ်ရာ မရှိဘူးလို့ ရုရှားက ပြောထားသလို နောက်ဆက်တွဲ တုန့်ပြန်မှုတွေ ပြုလုပ်မယ် လို့လည်း ခြိမ်းခြောက်ထားပါတယ်။

အမေရိကန်နဲ့ အီးယူဟာ ရုရှားနဲ့ ခရိုင်းမီးယား ထိပ်တန်း အရာရှိ တချို့အပေါ် ခရီးသွားလာခွင့် ပိတ်တာတွေ၊ ပိုင်ဆိုင်မှုတွေကို ထိန်းချုပ် သိမ်းဆည်းတာမျိုးတွေ ပြုလုပ်ခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ