တူရကီမှာ Twitter ပြန်ဖွင့်ပေးဖို့ အမေရိကန် တိုက်တွန်း

  • 22 မတ် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption တူရကီ နိုင်ငံသားတွေ သုံးခွင့်မရတော့တဲ့ Twitter

တူရကီမှာ လူမှုကွန်ယက် ဝက်ဘ်ဆိုက်ထ် Twitter ပြန်သုံးခွင့်ရအောင် လုပ်ပေးဖို့ အမေရိကန်က တူရကီ အစိုးရကို တိုက်တွန်းလိုက်ပါတယ်။

တူရကီ နိုင်ငံသားတွေ Twitter သုံးလို့ ရအောင် ပြန်ဖွင့်ပေးပြီး တခြား လူမှုကွန်ယက် ဝက်ဘ်ဆိုက်တွေ အားလုံးကိုလည်း သုံးလို့ရအောင် လုပ်ပေးဖို့ တူရကီ အစိုးရကို အမေရိကန်က တိုက်တွန်းလိုကြောင်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး ဌာန က ပြောပါတယ်။

Twitter ဝက်ဘ်ဆိုက်ထ် ကို ပိတ်လိုက်တာဟာ ဒီမိုကရေစီ လမ်းကြောင်းကို သွားလိုတဲ့ တူရကီရဲ့ ဆန္ဒနဲ့ ဆန့်ကျင်နေတယ်လို့လည်း အမေရိကန် သမ္မတ အိမ်ဖြူတော်က ပြောပါတယ်။

တူရကီ ဝန်ကြီးချုပ် ရာဂျစ် တိုင်ရပ် အယ်ဒိုဝမ် ရဲ့ အမိန့်နဲ့ ဒီဝက်ဘ်ဆိုက်ထ် ကို ပိတ်ပစ်ခဲ့တဲ့ အပေါ် တူရကီ နိုင်ငံသား တော်တော်များများကလည်း ပြစ်တင်ရှုတ်ချမှုတွေကို အင်တာနက် စာမျက်နှာပေါ်မှာ ရေးသားခဲ့ကြပါတယ်။

မစ္စတာ အယ်ဒိုဝမ်နဲ့ သူနဲ့ နီးစပ်တဲ့ လူတွေရဲ့ အဂတိလိုက်စားမှု စွပ်စွဲချက်တွေ Twitter ပေါ်မှာ ဖော်ပြခံခဲ့ရပြီးတဲ့နောက် အခုလို ပိတ်ပစ်ခဲ့တာ ဖြစ်ပါတယ်။

ဝန်ကြီးချုပ်ရဲ့ လုပ်ရပ်အပေါ် အစိုးရ အရာရှိတွေ ကလည်း ဝေဖန်ပြောဆိုခဲ့ကြပြီး အဲဒီအထဲမှာ အထင်ရှားဆုံး ပုဂ္ဂိုလ် ကတော့ သမ္မတ အဗ္ပဒူလာ ဂူးလ် ဖြစ်ပါတယ်။

လူမှုကွန်ယက် ဝက်ဘ်ဆိုက်ထ် တွေကို အပြီးတိုင် ပိတ်ပစ်တာဟာ လက်မခံနိုင်စရာဘဲလို့ မစ္စတာ ဂူးလ်က Twitter အင်တာနက်စာမျက်နှာပေါ်မှာ သူ့ကိုယ်ပိုင် အကောင့်ကို သုံးကာ ရေးသား ထားပါတယ်။