ယူကရိန်းနဲ့ အီးယူ သဘောတူညီချက် လက်မှတ်ထိုး

  • 21 မတ် 2014
ဓာတ်ပုံ မူပိုင် AP
Image caption နေ့ထူးနေ့မြတ်လို့ ဆိုတဲ့ ယူကရိန်း ဝန်ကြီးချုပ်

အီးယူ ဥရောပ သမဂ္ဂနဲ့ ရုရှားနိုင်ငံ အကြား တင်းမာမှုတွေ ဆက်လက် ဖြစ်နေချိန်မှာပဲ ယူကရိန်း နိုင်ငံနဲ့ ပိုမို နီးစပ်တဲ့ စီးပွားရေး နိုင်ငံရေး ဆက်ဆံမှု ပြုလုပ်မယ့် သဘောတူညီချက်ကို အီးယူက လက်မှတ်ရေးထိုးခဲ့ပါတယ်။

ဒီသဘောတူညီချက်ဟာ ဖြုတ်ချခံခဲ့ရသူ သမ္မတဟောင်း ဗစ်တာယာနူကိုဗစ် ပြီးခဲ့တဲ့ နိုဝင်ဘာလက ပယ်ချခဲ့တဲ့ သဘောတူညီချက် တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။

အဲဒီလို ပယ်ချခဲ့တာကြောင့်ပဲ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီး မစ္စတာ ယာနုကိုဗစ် ဖြုတ်ချခံခဲ့ရတဲ့ အထိ ဖြစ်ခဲ့တာပါ။

ယူကရိန်း ဝန်ကြီးချုပ် အာဆင်းနီ ယက်ဆင်ညွတ် ကတော့ ဒီကနေ့ဟာ သူတို့အတွက် နေ့ထူး နေ့မြတ်ပဲလို့ ပြောပါတယ်။

ဥရောပ သမဂ္ဂရဲ့ တင်းပြည့် အဖွဲ့ဝင် ဖြစ်လာဖို့ အဓိက ရည်မှန်းချက်ကို ရောက်ဖို့ရာ အခု အဆင့်က ပထမ ခြေလှမ်းကြီးပါပဲလို့လည်း ယူကရိန်း ဝန်ကြီးချုပ်က ပြောသွားပါတယ်။

စွမ်းအင်ကို နျူကလီယား လက်နက်လို သုံးနေတဲ့ ရုရှားရဲ့ အခွင့်အရေးယူတာ မခံရအောင် ရုရှား စွမ်းအင် အထောက်အပံ့ အပေါ် မှီခိုနေရမှုကို အီးယူက အဆုံးသတ် သင့်တယ်လို့လည်း သူက ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ