ယူကရိန်းကို လေ့လာစောင့်ကြည့်ရေး အဖွဲ့တဖွဲ့ စေလွှတ်ဖို့ သဘောတူ

  • 22 မတ် 2014
ဓာတ်ပုံ မူပိုင် RTRS
Image caption OSCE အဖွဲ့၀င်တွေ တင်ဆောင်လာတဲ့ ကား

ရုရှားနဲ့ ဥရောပ သမဂ္ဂ တို့ ပါဝင်တဲ့ ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်း ဆောင်ရွက်ရေးအဖွဲ့ OSCE က ယူကရိန်းကို နိုင်ငံတကာ လေ့လာစောင့်ကြည့်ရေး အဖွဲ့တဖွဲ့ စေလွှတ်ဖို့ သဘောတူလိုက်ပါတယ်။

စောင့်ကြည့်လေ့လာရေးမှူး အယောက် ၁ဝဝ ကို ကနဦး အနေနဲ့ စေလွှတ်မှာ ဖြစ်ပြီး ယူကရိန်း အရှေ့ဖက်က ရုရှား စကားပြောတဲ့ ဒေသတွေ အပါအဝင် တနိုင်ငံလုံးမှာ လေ့လာရေးမှူးတွေ ချထားမှာ ဖြစ်ပေမယ့် အဲဒီ အထဲမှာ ခရိုင်းမီးယား ဒေသတော့ မပါ ပါဘူး။

ဒီလို စေလွှတ်မှုကြောင့် ယူကရိန်းတွေနဲ့ ယူကရိန်းက ရုရှားစကားပြောသူတွေကြား တင်းမာမှုတွေ လျော့ပါးသွားစေလိမ့်မယ်လို့ အနောက်နိုင်ငံတွေက မျှော်လင့်နေကြပါတယ်။

ဒီအဖွဲ့တွေဟာ မျှော်လင့်ထားတဲ့ အတိုင်း ထိထိရောက်ရောက် လုပ်ဆောင်နိုင်ကြမယ်ဆိုရင် လေ့လာစောင့်ကြည့်ရေးမှူး နောက်ထပ် အယောက် ၄ဝဝ ထပ်လွှတ်ဖို့ ရှိကြောင်း သိရပါတယ်။

ဥရောပ သမဂ္ဂက ပိတ်ဆို့ အရေးယူမှု ထပ်လုပ်ခဲ့တဲ့ ရုရှား နိုင်ငံသား ၁၂ယောက် အမည်ကို ကြေညာခဲ့ပြီး ဒီအရေးယူမှုဟာ ရုရှား သမ္မတ ပူတင်နဲ့ နီးစပ်တဲ့ လူတွေ အဓိက ပစ်မှတ်ထားတာ ဖြစ်ပါတယ်။

ခရိုင်းမီးယား ဒေသဟာ ယူကရိန်းက ခွဲထွက်ကာ ရုရှားနဲ့ ပေါင်းခဲ့ပြီးတဲ့နောက် အခုလို အီးယူရဲ့ ပစ်မှတ်ထား အရေးယူ ပိတ်ဆို့မှု ပေါ်ပေါက်လာတာ ဖြစ်ပါတယ်။

ခရီးသွားလာမှုနဲ့ ပိုင်ဆိုင်မှု ထိန်းချုပ် အရေးယူ ခံရတဲ့ စာရင်းမှာ ရုရှား ဒု ဝန်ကြီးချုပ် ဒီမစ်ထရီ ရိုဂိုးဇင်းလည်း ပါဝင်ပါတယ်။

အစောပိုင်းတုန်းကတော့ ခရိုင်းမီးယားကို ရုရှား ပြည်ထောင်စုမှာ တရားဝင် ထည့်သွင်းလိုက်တဲ့ ဥပဒေ တရပ်ကို ရုရှား သမ္မတ ပူတင်က လက်မှတ် ရေးထိုးခဲ့ပါတယ်။

ကမ္ဘာပေါ်ကအကြီးဆုံး ရေနံ ကုမ္ပဏီတခု ဖြစ်တဲ့ Gunvor ကုမ္ပဏီမှာ ရုရှား သမ္မတ ဗလာဒီမြာ ပူတင်ရဲ့ ရင်းနှီးမြုပ်နှံမှုတွေ ရှိတယ်လို့ အမေရိကန်က စွပ်စွဲ ပြောကြားလိုက်ပါတယ်။

ဒီကုမ္ပဏီ ဆီကနေ မစ္စတာ ပူတင် ငွေတွေ ရကောင်းရနေနိုင်တယ်လို့လည်း စွပ်စွဲ ထားပါတယ်။

Gunvor ဟာ ရုရှား လုပ်ငန်းရှင် Gennady Timchenko ပူးတွဲ တည်ထောင်ထားတဲ့ ကုမ္ပဏီ ဖြစ်ပြီး အမေရိကန်က ကြာသပတေးနေ့တုန်းက ပိတ်ဆို့ အရေးယူခဲ့တဲ့ ရုရှားတွေထဲမှာ မစ္စတာ တင်မ်ချန်းကိုး ပါဝင်တာ ဖြစ်ပါတယ်။

Gunvor ကုမ္ပဏီ ကတော့ မစ္စတာ ပူတင်နဲ့ ဆက်စပ်မှု တစုံတရာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

ပူတင်ရဲ့ သူငယ်ချင်းလို့ ဆိုနေတဲ့ မစ္စတာ တင်မ်ချန်းကိုးဟာ ရုရှားမှာ အချမ်းသာဆုံး ပုဂ္ဂိုလ် တယောက် ဖြစ်ပြီး ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့တုန်းက ဂန်ဗွာကုမ္ပဏီက သူ့အစုရှယ်ရာတွေကို ထုတ်ရောင်းခဲ့တာ ဖြစ်ပါတယ်။