ဆီးရီးယားဂျက်လေယာဉ်တစီး တူရကီကပစ်ချ

  • 23 မတ် 2014
ဆီးရီးယားဂျက်ကို တူရကီကပစ်ချ
Image caption ဆီးရီးယားဂျက်ကို တူရကီကပစ်ချ

တူရကီတို့ဘက်က သတိပေးနေလျက်နဲ့ သူတို့လေပိုင်နက်ထဲ ကျူးကျော်ဝင်ရောက်တဲ့ ဆီးရီးယား စစ်ဖက်ဆိုင်ရာ ဂျက်လေယာဉ်ပျံကို တူရကီက ပစ်ချလိုက်ပါတယ်။ ဆီးရီးယားတို့ရဲ့ လုပ်ရပ်ဟာ ပြင်းထန်တဲ့ တုန့်ပြန်မှုနဲ့ ထိုက်တန်တယ်လို့ တူရီဝန်ကြီးချုပ်က ပြောလိုက်ပြီး ဆီးရီးရားဘက်က သူတို့နယ်ထဲမှာဘဲရှိတဲ့ လေယာဉ်ကို ပစ်ချလို့ ရန်စမှုလို့စွပ်စွဲပါတယ်။

အခုပစ်ခတ်မှုဖြစ်ပွားတာက ဆီးရားသူပုန်တွေနဲ့ အစိုးရတပ်တွေကြားနယ်ကြားဖြတ်တဲ့နေရာကို ထိန်းချုပ်ဖို့ တိုက်နေတဲ့ နေရာမှာဖြစ်တာလို့သိရပါတယ်။ တူရကီနဲ့ဆီးရီးယားတို့ဟာ တချိန်က မိတ်ဆွေတွေဖြစ်ခဲ့ကြပြီး နယ်နိမိတ် မိုင်၅၀၀ကျော် ထိစပ်နေကြပါတယ်။ ၂၀၁၁ လောက်ကတည်းက တူရကီဟာ ဆီးရီးယားစစ်ပွဲအတွင်း သူပုန်တွေဘက်က ပြောင်ရပ်တည်ခဲ့ပါတယ်။ ၂၀၁၂ခုတုန်းက တူရကီတို့က ဆီးရီးယား ပစ်မှတ်တွေကို အမြောက်နဲ့ ပစ်လို့ဆီးရီးယားကလည်း တူရကီဂျက်လေယာဉ်တစီးကို ပစ်ချခဲ့ဘူးပါတယ်။ အခုပစ်ချမှုကို တူရကီဝန်ကြီးချုပ်က လူထုထောက်ခံပွဲမှာ တူရကီ လေတပ်ကို ချီးကျူး ဂုဏ်ပြုခဲ့ပါတယ်။ လေယာဉ်မှူးက လေယာဉ်ပေါ်ကနေ လေထီးခုန်ချ နိုင်တယ်ဆိုတဲ့ သတင်းတွေလည်းရပါတယ်။

အခုဖြစ်ရပ်ကိုကြည့်ရင် မကြာခနအခုလိုတဖက်နဲ့တဖက် ထိပ်တိုက်ဖြစ်ကြပေမယ့် နှစ်နိုင်ငံစလုံးဟာ တိုက်ရိုက်ရင်ဆိုရတဲ့စစ်ပွဲမျိုးကို တကယ်တော့မလိုလားဘူးလို့ အီစတန်ဘူရှိ ဘီဘီစီသတင်းထောက် ဂျိမ်းရေနိုးကပြောပါတယ်။

ဒီလိုတုန့်ပြန် တိုက်ခိုက်မှုကို နယ်စပ်က ရွာတွေကတော့ အားပေးပါတယ်။ ဒါပေမယ့်အခုလို တူရကီရဲ့တိုက်ခိုက်မှုနောက်ကွယ်မှာ ဆီးရီးယားစစ်ပွဲနဲ့ ပတ်သက်လို့ ပိုလေးနက်နဲ့ စိတ်မသက်မသာ မှုတွေ ရှိပါတယ်။ ဆီးရီးယားနဲ့ပတ်သက်တဲ့ အကြမ်းဖက်မှုတွေကြောင့် စစ်ပွဲစကတည်းက တူရကီဘက်က လူပေါင်း၇၀သေဆုံးခဲ့ရပါတယ်။ သမ္မတအာဆတ်ကို ပုန်ကန်တဲ့ သုံးနှစ်ကြာ ဆီရီးယား ပြည်တွင်းစစ်အတွင်း ဒုက္ခသည် သိန်းနဲ့ချီပြီးတူရကီ နိုင်ငံဘက်ကိုထွက်ပြေးခဲ့ကြပါတယ်။

ဒါကိုတူရကီက နည်းမျိုးစုံနဲ့တုန့်ပြန်ပြီး ၂၀၁၂ခုနှစ်အောက်တိုဘာ မှာတော့ တူရကီပါလီမန်က ဆီးရီးယား နိုင်ငံထဲအထိ ဝင်စစ်တိုက်ဖို့ လုပ်ပိုင်ခွင့်ပေးခဲ့ပါတယ်။ အဲဒီနောက် နေတိုး မြောက်အက်လန်တိတ် စာချုပ်အဖွဲ့က တူရကီနိုင်ငံတောင်ပိုင်းနယ်နိမိတ်မှာ ပေထရော့ဒုံးကျည်တွေ တပ်ဆင်ဖို့သဘောတူခဲ့ကြောင်း ဘီဘီစီသတင်းထောက် ဂျိမ်းရေးနိုးက အီစတန်ဘူ ကနေသတင်းပေးပို့ ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ