လူ ၅၂၉ ယောက်ကို အီဂျစ် တရားရုံးက သေဒဏ်ချ

  • 24 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption သေဒဏ်ချမှတ်ခံရသူတွေရဲ့ ဆွေမျိုးအချို့

အီဂျစ်နိုင်ငံမှာ မတရားသင်း အဖြစ် သတ်မှတ်ခံထားရတဲ့ မွတ်ဆလင် ညီနောင်များအဖွဲ့ အပေါ် ထောက်ခံအားပေးသူ ၅၂၉ ယောက်ကို အီဂျစ် တရားရုံး တစ်ခုက သေဒဏ် ချမှတ် လိုက်ပါတယ်။

အဲဒီသူတွေဟာ ပြီးခဲ့တဲ့ သြဂုတ်လက အစ္စလာမ်မစ် ဘာသာရေးဝါဒီ သမ္မတဟောင်း မော်ဆီအပေါ် ထောက်ခံမှုကို ပြသတဲ့ ထိုင်သပိတ် ဆင်နွှဲခဲ့ကြသူတွေ ဖြစ်ပါတယ်။

အဲဒီ ဆန္ဒပြပွဲဟာ လုံခြုံရေး တပ်ဖွဲ့တွေရဲ့ အင်အားသုံး ဖြိုခွင်းတာကို ခံခဲ့ရပြီးတဲ့နောက် သပိတ်သမားတွေကို ရဲတပ်ဖွဲ့ဝင် တစ်ဦးကို သတ်ဖြတ်မှု၊ အဆောက်အဦ ပစ္စည်းတွေကို ဖျက်စီးမှု စတာတွေနဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

ဒီလို တရားစွဲဆို ခံရသူတွေထဲက လူ ၁၅၀ လောက်သာ ဖမ်းဆီး ခံထားရတာ ဖြစ်ပြီး ကျန်လူတွေကို မျက်ကွယ် ပြစ်ဒဏ် ချမှတ်ခဲ့တာ ဖြစ်ပါတယ်။

တရားခံ ရှေ့နေတွေက သူတို့မှာ ထုခြေခွင့် မရခဲ့ဘူးလို့ ပြောခဲ့ပါတယ်။ ဒါပေမယ့် အယူခံခွင့် ရှိလာလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အီဂျစ်နိုင်ငံမှာ ဒီလို သေဒဏ် ချမှတ်လေ့ ရှိပေမယ့် တကယ် အဆုံးစီရင်မှု ကတော့ နည်းပါးပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ