လေယာဉ်ပျောက်နဲ့ Black Box အကြောင်း

  • 25 မတ် 2014
ဓာတ်ပုံ မူပိုင် Getty
Image caption MH370 ရဲ့ Black Box ကို အချိန်မီ တွေ့နိုင်ဖို့ ခက်ခဲ

မလေးရှား လေယာဉ်ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး တိတိကျကျ သိရဖို့ အရေးမှာ Black Box လို့ ခေါ်တဲ့ လေယာဉ် ပျံသန်းမှု မှတ်တမ်းကို ရှာမတွေ့မချင်း မဖြစ်နိုင် သလောက် ပါပဲ။

အဲဒီ Black Box မှာ လေယာဉ်မောင်းခန်းထဲက စကားပြောဆိုမှုတွေကို သိမ်းဆည်းထားတဲ့ Voice Recorder၊ ပျံသန်းမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေ မှတ်တမ်းတင်ထားတဲ့ Data Recorder ဆိုပြီး အပိုင်း ၂ပိုင်း ပါ၀င်ပါတယ်။

Voice Recorder ဟာ လေယာဉ်ပျက်မကျမီ နောက်ဆုံး ၂ နာရီ အတွင်း ပြောဆိုတဲ့ စကားသံတွေနဲ့ လေယာဉ်မောင်းခန်းထဲက အသံမှန်သမျှကို သိမ်းဆည်းပါတယ်။ Data Recorder ကတော့ လေယာဉ်ပျံသန်းမှုနဲ့ ပတ်သက်တဲ့ အချက်အလက်တွေကို မှတ်တမ်းတင်ထားပြီး အဲဒီ အချက်အလက်တွေဟာ ပျံသန်းမှု ခရီးတစ်လျှောက်ကို ပြန်လည် ပုံဖော် ခြေရာကောက်နိုင်လောက်အောင် အသုံး၀င်ပါတယ်။

Black Box ဟာ တကယ်တော့ အ၀ါရောင် ဖြစ်ပါတယ်။ အစပိုင်းတုန်းကတော့ အနက်ရောင်နဲ့ ထုတ်လုပ်ခဲ့ပြီး နောက်ပိုင်းမှာ ရှာဖွေသူတွေ အလွယ်တကူ တွေ့ရှိနိုင်ဖို့ အ၀ါရောင် ပြောင်းလဲခဲ့တာ ဖြစ်ပါတယ်။

Black Box ဟာ သူ့ကို ရှာတွေ့ဖို့ လေယာဉ်ပျက်ကျချိန်က စပြီး အချက်ပြမှု ထုတ်လွှင့်နေရာမှာ အချို့ Black Box တွေက ရက်ပေါင်း ၉၀ အထိ ထုတ်လွှင့်နေနိုင်ပေမယ့် မလေးရှား လေယာဉ် MH370 ရဲ့ Black box ကတော့ ရက် ၃၀ သာ အချက်ပြနေနိုင်မှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီ လေယာဉ် ပျောက်ဆုံးမှုနဲ့ ပတ်သက်ပြီး အပြည့်အစုံ သိနိုင်မယ့် အခွင့်အလမ်းဟာ အခုအခါ ၁၀ ရက်ကျော်ကျော်သာ ကျန်ရှိတော့တာ ဖြစ်ပါတယ်။

Black Box ကို လေယာဉ်ပျက်ကျရင် မပျက်စီးအောင် ရည်ရွယ်ပြီး လေယာဉ်တွေရဲ့ အမြီးမှာ ထည့်သွင်းထားကြပါတယ်။ ဒါပေမယ့် Black box ရဲ့ အရွယ်အစားကတော့ ဖိနပ်ဘူးလောက်သာ ရှိတာကြောင့် သူ့ရဲ့ အချက်ပြမှုကို ဖမ်းယူမရခဲ့ရင် ရှာတွေ့ဖို့ မဖြစ်နိုင်သလောက်ပါပဲ။

Black Box ကို အလူမီနီယံ သတ္တုနဲ့ ပြုလုပ်ထားပြီး ပြင်းထန်တဲ့ ပေါက်ကွဲမှုနဲ့ အပူဒဏ်တွေကို ခုခံနိုင်အောင် ဒီဇိုင်းထုတ်ထားတာကြောင့် အရွယ်နဲ့ မမျှအောင် ၁၀ ကီလိုဂရမ်လောက် လေးပါတယ်။ ဒါကြောင့် ဘယ်လိုနည်းနဲ့မှ ရေပေါ် မျောနေနိုင်ခြင်း မရှိပါဘူး။

အခု မလေးရှား လေယာဉ် MH370 ပျက်ကျသွားတယ်လို့ ယူဆရတဲ့ အိန္ဒိယ သမုဒ္ဒရာ တောင်ပိုင်းဟာ ပေ ၃၇၇၀ ကနေ ပေ ၂၃၀၀၀ အထိ နက်ရှိုင်းတာကြောင့် ဒီ Black box ကို ဆယ်ယူ တွေ့ရှိဖို့က အလွန့်အလွန် ခက်ခဲမှာ ဖြစ်ပါတယ်။

တစ်ခါ MH370 ရဲ့ Black Box ဟာ အချက်ပြမှုကို အကွာအဝေး တစ်မိုင် ဝန်းကျင်သာ ထုတ်လွှင့်နိုင်တယ်လို့ ဆိုပါတယ်။ ဒါကြောင့် သမုဒ္ဒရာအောက်မှာ ရေအောက် ရှာဖွေရေးယာဉ်တွေ သုံးပြီး နှေးနှေးကွေးကွေး ရှာဖွေရမှာ ဖြစ်လို့ MH370 ရဲ့ Black Box ကို အချိန်မီ တွေ့နိုင်ဖို့ဟာ ကန့်သတ်ချက်တွေ အလွန်ကို များနေဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ