ရုရှားကို အမေရိကန်နဲ့ နေတိုးက စစ်ရေးအရ တုန့်ပြန်မှာ မဟုတ်လို့ ဆို

  • 27 မတ် 2014
Image copyright y
Image caption ဘရပ်စ်ဆဲလ် မြို့မှာ အိုဘားမား မိန့်ခွန်းပြောကြား

ခရိုင်းမီးယား ဒေသ ယူကရိန်းက ခွဲထွက်သွားမှုနဲ့ ပတ်သက်လို့ သမ္မတ အိုဘားမားက ရုရှားကို ထပ်မံ သတိပေးလိုက်ပြီး ယူကရိန်း ပြည်သူတွေ အနေနဲ့ သူတို့ကြမ္မာ သူတို့ဖာသာ ဖန်တီးနိုင်ခွင့် ရှိသင့်တယ်လို့ ပြောကြားလိုက်ပါတယ်။

ဘရပ်စ်ဆဲလ်မြို့မှာ ပြောတဲ့ မိန့်ခွန်းမှာ သမ္မတ အိုဘားမားက ထည့်သွင်းပြောသွားခဲ့တာ ဖြစ်ပြီး ရုရှားအနေနဲ့ အခုလို အကြမ်းပတမ်း နည်းနဲ့ အင်အားသုံးနေမယ် ဆိုရင် လုံခြုံရေးနဲ့ သာယာဝပြောရေးကို ရနိုင်မှာ မဟုတ်ဘူး ဆိုတာ နားလည် ထားသင့်တယ်လို့ ဆိုပါတယ်။

အမေရိကန်နဲ့ ဥရောပ သမဂ္ဂ တို့က နေတိုးအဖွဲ့ထဲမှာ မပါတဲ့ ယူကရိန်း အပေါ် ထိန်းချုပ်လိုစိတ် မရှိသလို ယူကရိန်းနဲ့ ပတ်သက်လို့ ရုရှားအပေါ် စစ်ရေးအရ တုန့်ပြန်မှာလည်း မဟုတ်ဘူးလို့ သူက ဆိုပါတယ်။

ဒါပေမယ့် နေတိုး တပ်ဖွဲ့တွေရဲ့ လှုပ်ရှားဆောင်ရွက်မှုတွေကို ဘောလတစ် ပင်လယ် တဝိုက်က တိုင်းပြည်တွေနဲ့ ပိုလန်တို့မှာ တိုးမြှင့်လုပ်ဆောင်နေတယ်လို့ သူက ပြောပါတယ်။

အစောပိုင်းတုန်းကလည်း ဥရောပ သမဂ္ဂ အီးယူ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ရုရှား ဆီက ရေနံနဲ့ ဓါတ်ငွေ့တွေ အပေါ် ရပ်တည်နေရတာကို လျှော့ချရမယ်လို့ မစ္စတာ အိုဘားမားနဲ့ အီးယူ ခေါင်းဆောင်တွေက ပြောပါတယ်။

အမေရိကန်နဲ့ အီးယူကြား ကုန်သွယ်ရေး သဘောတူ စာချုပ် ချုပ်ဆိုပြီးသွားရင် သဘာဝ ဓါတ်ငွေ့ တင်ပို့သွားဖို့ ရှိတယ်လို့ သမ္မတ အိုဘားမားက ယူကရိန်း အရေးက လွှမ်းမိုးနေတဲ့ ဘရပ်စ်ဆဲလ်မြို့က ထိပ်သီး ဆွေးနွေးပွဲ ပြီးတဲ့နောက် ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် အီးယူ အနေနဲ့ အမေရိကန်က သဘာဝ ဓါတ်ငွေ့အပေါ် မှီခို မနေသင့်ဘဲ ကိုယ့်ဖာသာကိုယ် စွမ်းအင်တွေ ထုတ်လုပ်သုံးစွဲ သင့်တယ်လို့လည်း သူက ထပ်လောင်း ဆိုသွားခဲ့ပါတယ်။

ဥရောပ ကော်မရှင် ဥက္ကဌ ဟိုဆေး မန်နျူရယ် ဘရိုဆို ကလည်း အီးယူ အနေနဲ့ စွမ်းအင် ရယူ သုံးစွဲမှုကို ပြောင်းသင့်ပြီး ဆိုတာ လွန်ခဲ့တဲ့ လတုန်းက ဖြစ်ပျက်ခဲ့တာတွေက သတိထားသင့်စရာတွေ အဖြစ် ပြနေတယ်လို့ ဆိုပါတယ်။