အီဂျစ် စစ်ဦးစီးချုပ် သမ္မတအရွေးခံဖို့ ရာထူးကထွက်

  • 27 မတ် 2014
ဓာတ်ပုံ မူပိုင် NA
Image caption အီဂျစ်စစ်ဦးစီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီး အဗ္ဗဒူဖာတာ အဲစီစီ သမ္မတအရွေးခံမယ်

အီဂျစ်စစ်ဦးစီးချုပ် နဲ့ ကာကွယ်ရေးဝန်ကြီး အဗ္ဗဒူဖာတာ အဲစီစီဟာ သမ္မတဝင်အရွေးခံဖို့ ရာထူးတွေက နှုတ်ထွက်လိုက်ပါတယ်။

လူအတော်မျာများက မျှော်လင့်ထားပြီးသားဖြစ်တဲ့ သူရာထူးကနေ နှုတ်ထွက်တာကို ရုပ်မြင်သံကြားပကနေ ကြေညာခဲ့တာပါ။

သူဟာ ပြီးခဲ့တဲ့ နှစ်က အီဂျစ်မှာ အစိုးရကို ဆန့်ကျင်ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် ဂျူလိုင်လမှာ သူဦးဆောင်ပြီး သမ္မတမော်စီကို ဖယ်ရှားခဲ့တာ ဖြစ်ပါတယ်။

အီဂျစ်မှာ သူ့ကို ပြိုင် အရွေးခံနိုင်မယ့်လူ မရှိသလောက်နည်းတာနဲ့ သူ့ကို လူကြိုက်များတာရယ်တို့ကြောင့် သူဘဲ သမ္မတအရွေးခံရမယ့်ပုံရှိတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

သူ့ကို လူထုရှေ့ စစ်ယူနီဖေါင်းနဲ့မြင်ရတာ ဒီတခါ နောက်ဆုံးဖြစ်တယ်လို့ မစ္စတာ စီစီက သူ့ရဲ့မိန့်ခွန်းထဲမှာ ပြောခဲ့ပါတယ်။ ဒီနောက်မှာ အီဂျစ်နိုင်ငံဟာ အကြမ်းဖက်သမားတွေရဲ့ ခြိမ်းခြောက်မှုကို ခံနေရတယ်လို့ သူက သတိပေးခဲ့ပြီး အဲဒီ လိုကြောက်လန့်စရာတွေက ကင်းဝေးတဲ့နိုင်ငံ ဖြစ်အောင် သူလုပ်မယ်လို့ ဆိုပါတယ်။

အီဂျစ်နိုင်ငံကို ချက်ချင်းကြီး ချမ်းသာတဲ့ နိုင်ငံဖြစ်အောင် သူမလုပ်နိုင်ပေမယ့် စီးပွားရေးပြသနာတွေကို သူကိုင်တွယ်ဖြေရှင်းမယ်လို့ပြောပြီး ဆင်းရဲတွင်းက လွတ်အောင် သူနဲ့ အတူကြိုးစားကြဖို့ ပြည်သူတွေကို တိုက်တွန်းခဲ့ပါတယ်။

သူ့ကို သမ္မတအဖြစ်ဝင်အရွေးခံဖို့ တောင်းဆိုကြတဲ့ အီဂျစ်ပြည်သူအများစုရဲ့ ဆန္ဒကို သူလစ်လျူမရှုနိုင်ဘူးလို့ အခုလမှာ အသက် ၅၉ နှစ်ပြည့်တဲ့ စစ်သေနာပတိချုပ် စီစီက ပြောခဲ့တယ်လို့ အစိုးရ မီဒီယာတွေမှာ ကိုးကားဖေါ်ပြကြပါတယ်။

အီဂျစ်နိုင်ငံကို တည်ငြိမ်အောင်သူဘဲ ထိန်းနိုင်လိမ့်မယ်လို့ ယူဆကြတဲ့ ထောင်သောင်းချီတဲ့ သူ့ကို ထောက်ခံသူ တွေက လမ်းမပေါ်ထွက်ပြီး သူ့ကို သမ္မတအရွေးခံဖို့ တိုက်တွန်းခဲ့ကြတာ ဖြစ်ပါတယ်။

ဒါပေမယ့် သူ့ကို ဆန့်ကျင်သူတွေကတော့ လူ့အခွင့်အရေးဆိုင်ရာ အဖွဲ့တွေ ပြောသလို အနှ့အပြား လူ့အခွင့်အရေး ချိုးဖေါက်မှုတွေအတွက် သူ့မှာတာဝန်ရှိတယ်လို့ ပြောကြပါတယ်။ နောက်ပြီး အာဏာရှင်ဆန်တဲ့ အုပ်ချုပ်ရေးစနစ်ကို သူ ပြန်အသက်သွင်းမှာကို စိုးရိမ်နေကြပါတယ်။

သမ္မတလောင်း အမည်စာရင်း တင်သွင်းရမယ့်ရက်ကို လာမယ့် တနင်္ဂနွေနေ့မှာ ကြေညာမှာ ဖြစ်ပါတယ်။

ကြားဖြတ်သမ္မတက ဂျူလိုင် ၂ရ ရက်မှာ သမ္မတရွေးကောက်ပွဲ ကျင်းပမယ်လို့ စောစောပိုင်းက ပြောထားခဲ့ပေမယ့် အခုထိ တရာဝင် မသတ်မှတ်သေးပါဘူး။

အီဂျစ်နိုင်ငံမှာ အရင်သမ္မတဟောင်းမော်စီကို ထောက်ခံသူ ၅၂၈ ဦးကို ပြီးတဲ့နှစ် သြဂုတ်လက ရဲစခန်းတခုကို တိုက်ခိုက်ခဲ့မှုနဲ့ တနင်္လာနေ့က သေဒဏ်စီရင်ချက်ချခဲ့တာကြောင့် လောလောဆယ် နိုင်ငံတကာရဲ့ ရှုတ်ချမှုတွေကို ခံနေရပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ