ပူတင်က အိုဘားမားဆီ ဖုန်းဆက်

  • 29 မတ် 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ရုရှား သမ္မတ ပူတင်နဲ့ အမေရိကန် သမ္မတ အိုဘားမားဆီ

ယူကရိန်း အရေးကို သံတမန်နည်းနဲ့ အဖြေရှာရအောင် အမေရိကန်နဲ့ ရုရှား သမ္မတတွေအချင်းချင်း တိုက်ရိုက် ပြောဆို ဆက်သွယ် ဆွေးနွေးမှုတွေ ရှိခဲ့ပါတယ်။

ရုရှား သမ္မတ ဗလာဒီမြာ ပူတင်က အမေရိကန် သမ္မတ အိုဘားမားဆီ စတင် ဖုန်းဆက်ခဲ့တာ ဖြစ်ပြီး တနာရီလောက် စကားပြောခဲ့ကြတယ်လို့ သတင်းရရှိပါတယ်။

အခု သီတင်းပတ် အစောပိုင်းတုန်းက အမေရိကန် ဖက်က တင်ပြထားတဲ့ အဆိုပြုချက်တွေကို ခိုင်မာတဲ့ တုန့်ပြန်မှုတွေ ရေးသားအကြောင်းပြန်ဖို့ မစ္စတာ အိုဘားမားက တောင်းဆို ခဲ့တယ်လို့ အိမ်ဖြူတော်က ပြောပါတယ်။

ဒါ့အပြင် ရုရှား တပ်တွေ ဆုတ်ခွာပေးပြီး ယူကရိန်း အရှေ့ပိုင်းကို ဝင်ရောက်ကာ စစ်ရေး တည်ဆောက်မှုတွေ မလုပ်ရဘူးလို့ မစ္စတာ အိုဘားမားက ထပ်တလဲလဲ ပြောခဲ့ကြောင်း သိရပါတယ်။

မစ္စတာ ပူတင် ကလည်း သူ့အဆိုအရ ယူကရိန်းမှာ အစွန်းရောက်တွေ ဆက်လက် ရမ်းကားနေမှုကို နှိမ်နင်းပေးဖို့ ပန်ကြားခဲ့ကြောင်း ရုရှား ဖက်က ပြောပါတယ်။

သမ္မတ နှစ်ယောက်ဟာ အကဲစမ်းတဲ့ သဘောနဲ့ သံတမန် ဆက်ဆံရေး တိုးတက်လာအောင် တည်ဆောက်နေပုံ ရကြောင်း မြောက်အမေရိက ဆိုင်ရာ ဘီဘီစီ သတင်းထောက် ပြောပါတယ်။

ယူကရိန်း နယ်စပ်နားမှာ ရုရှားတပ်တွေ တစိမ့်စိမ့် တိုးမြှင့် ချထားမှုဟာ နေတိုးတပ်ဖွဲ့တွေရဲ့ မဟာမိတ် နိုင်ငံတွေ အတွက် စိုးရိမ်မှု ဖြစ်စေတယ်လို့ ဆိုပါတယ်။

ရုရှား တပ်ဖွဲ့တွေ လှုပ်ရှားနေပုံက လေ့ကျင့်မှု လုပ်နေပုံ မပေါက်ဘဲ တပ်အင်အား တိုးမြှင့်နေတဲ့ ပုံ ဖြစ်နေတာကြောင့် ဘရပ်စ်ဆဲလ်မှာ ရှိနဲ့ နေတိုး တပ်ဖွဲ့ ရုံးချုပ်က အရာရှိတချို့က စိုးရိမ်နေကြတယ်လို့ နေတိုး တပ်ဖွဲ့ရဲ့ သတင်းနဲ့ ပြန်ကြားရေး ဆိုင်ရာ ညွှန်ကြားရေးမှူး ဒုဗိုလ်မှူးကြီး ဂျေး ဂျန်ဇန် က ဘီဘီစီကို ပြောပါတယ်။

ခရိုင်းမီးယား ဒေသက ယူကရိန်း စစ်တပ် ဝန်ထမ်း အမျိုးသား အမျိုးသမီးတွေ ကီးယက်မြို့ကို ထွက်ခွာသွားကြပြီမို့ အခုတော့ ဒီဒေသဟာ ရုရှားရဲ့ စစ်ရေး ထိန်းချုပ်မှု အောက်မှာ လုံးဝ ရောက်သွားပြီလို့ ရုရှား ကာကွယ်ရေး ဝန်ကြီး ဆာဂေး ရွှေဂူး ကတော့ အတည်ပြု ပြောကြားခဲ့ပါတယ်။