ယူကရိန်း ပြည်နယ်တွေ ဆန္ဒခံယူဖို့ သမ္မတဟောင်း တိုက်တွန်း

ဓာတ်ပုံ မူပိုင် AP
Image caption ရုရှားတပ်တွေက ယူကရိန်းကို ခြိမ်းခြောက်နေ

ရာထူးက ဖြုတ်ချခံရပြီး ရုရှားမှာ ခိုလှုံနေတဲ့ ယူကရိန်း သမ္မတဟောင်း ဗစ်တာ ယာနူကိုဗစ်ချ်က ယူကရိန်းမှာ ရှိတဲ့ ပြည်နယ်အားလုံး သူတို့ အနာဂတ် အရေးအတွက် လူထုဆန္ဒ ခံယူကြဖို့ တိုက်တွန်းလိုက် ပါတယ်။

အဲဒီလို လုပ်ရင် နိုင်ငံတွင်း တည်ငြိမ်မှုတွေ ရစေပြီး အချုပ်အခြာ အာဏာကိုလည်း ထိန်းနိုင်လိမ့်မယ်လို့ မစ္စတာ ယာနူကိုဗစ်ချ် ဒီကနေ့ ရုရှားမှာ ပြောလိုက်တာပါ။

ဒီလ အစောပိုင်းက ခရိုင်းမီးယား ပြည်နယ်ဟာ ယူကရိန်းကနေ ခွဲထွက်ပြီး ရုရှားနဲ့ ပူးပေါင်းလိုက်အပြီးမှာ သမ္မတဟောင်းက အခုလို သူ့သဘောထားကို ပထမဆုံး ထုတ်ပြောလာတာ ဖြစ်ပါတယ်။

တဖက်မှာတော့ အမေရိကန် သမ္မတ အိုဘားမားက ယူကရိန်း နယ်စပ်မှာ ချထားတဲ့ ရုရှားတပ်တွေ ရုပ်သိမ်းပြီး ယူကရိန်း အစိုးရနဲ့ ဆွေးနွေးဖို့ ရုရှားကို တိုက်တွန်းလိုက်ပါတယ်။

အခုလို တပ်တွေ ချထားတာဟာ ယူကရိန်းကို ခြိမ်းခြောက်ဖို့ ဒါမှမဟုတ် တခုခုလုပ်ဖို့ ပြင်ဆင်နေတယ် ဆိုတဲ့ အဓိပ္ပာယ် သက်ရောက်တယ်လို့ မစ္စတာ အိုဘားမားက ပြောပါတယ်။

ရုရှား ကာကွယ်ရေး ဝန်ကြီးကတော့ ယူကရိန်း အစိုးရကို သစ္စာခံနေဆဲ တပ်ဖွဲ့ဝင်တွေ အားလုံး ခရိုင်းမီးယားမှာ မရှိတော့ဘဲ စစ်စခန်းတွေ အားလုံး ရုရှား ထိန်းချုပ်မှု အောက်မှာ ရှိနေပြီလို့ ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ