တူရကီ ဒေသန္တရ ရွေးကောက်ပွဲ အာဒိုဝမ်ရဲ့ ပါတီ အနိုင်ရ

  • 31 မတ် 2014
ဝန်ကြီးချုပ် Recep Tayyip Erdogan

တူရကီက ဒေသန္တရ ရွေးကောက်ပွဲအတွက် မဲတဝက်တောင် ရေတွက်လို့ မပြီးသေးချိန်မှာ ဝန်ကြီးချုပ် ရာဂျစ် တေရစ်ပ် အယ်ဒိုဝမ်က သူ့ရဲ့ အေကေ ပါတီက အနိုင်ရတယ်လို့ ပြောပါတယ်။

ဒါ့အပြင် လူထုရဲ့ ဆုံးဖြတ်ချက်ကို လေးစားလိုက်နာမှာပါလို့ မစ္စတာ အာဒိုဝမ်က ဆိုပြီး သူ့ပြိုင်ဖက်တွေဟာ လူထု ထောက်ခံမှု ရဖို့ အများကြီး ပေးဆပ် လုပ်ကိုင်ပြရလိမ့်မယ်လို့ သူရဲ့ မဲအနိုင်ရကြောင်း ကြေညာတဲ့ မိန့်ခွန်းထဲမှာ ထည့်သွင်း ပြောသွားခဲ့ပါတယ်။

အခု အချိန်မှာ မစ္စတာ အယ်ဒိုဝမ်ရဲ့ ပါတီက အဓိက အတိုက်အခံ ထက် မဲ ၂ဝ ရာခိုင်နှုန်း အသာရနေတာ ဖြစ်ပြီး အဂတိလိုက်စားမှုနဲ့ စွပ်စွဲခံနေရတဲ့ မစ္စတာ အာဒိုဝမ် အတွက် ဆန္ဒပြမှုတွေ လပေါင်းများစွာ ဖြစ်ခဲ့ပြီးတဲ့နောက် အားပေး ထောက်ခံမှုတွေ အခိုင်အမာ ရှိနေတာ တွေ့ရတယ်လို့ သတင်းထောက်တွေက ဆိုပါတယ်။

အစ္စတန်ဘူးနဲ့ အန်ကာရာ မြို့ကြီး နှစ်ခုမှာတော့ တခြားနေရာတွေမှာထက် ရွေးကောက်ပွဲ ယှဉ်ပြိုင်မှုက အကြိတ်အနယ် ရှိလှတယ်လို့ သတင်းရရှိပါတယ်။