ရာသီဥတု အပြောင်းအလဲကြောင့် ဆိုးကျိုးတွေ ကြုံနေ

  • 31 မတ် 2014
Image copyright AFP
Image caption ကာဘွန်ထုတ်လုပ်မှုကို အမြန်ဆုံး လျှော့ချဖို့ လိုအပ်

လူသားတွေဟာ ရာသီဥတု ပြောင်းလဲခြင်း ဒဏ်ကြောင့် ဖြစ်ပေါ်နေတဲ့ ဆိုးကျိုးတွေကို ခံစားနေရကြောင်း အထောက်အထားတွေ အများကြီး တွေ့ရတယ်လို့ ကမ္ဘာ့ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး ထုတ်ပြန်လိုက်တဲ့ နိုင်ငံတကာ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

ဒီကိစ္စကို အရေးတကြီး သဘောထား၊ မကိုင်တွယ်ဘူး ဆိုရင် ပိုမို ဆိုးရွားလာဖို့ ရှိတယ် လို့လည်း အဲဒီ အစီရင်ခံစာမှာ သတိပေးထားပါတယ်။

ရာသီဥတု ပြောင်းလဲခြင်းဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းကြဖို့ နိုင်ငံတကာ အစိုးရ ကိုယ်စားလှယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ IPPC ဆိုတဲ့ ကုလသမဂ္ဂ အဖွဲ့က ဒီ အစီရင်ခံစာကို ထုတ်ပြန်လိုက်တာ ဖြစ်ပါတယ်။

ကမ္ဘာကြီးရဲ့ ရာသီဥတု ပြောင်းလဲခြင်းကြောင့် ရေကြီးမှုတွေ၊ အစာရေစာ ပြတ်လပ်မှုတွေနဲ့၊ လူသားတွေရဲ့ ကျန်းမာရေးကို ခြိမ်းခြောက်နိုင်တဲ့ အန္တရာယ်တွေ ပိုမို မြင့်မားလာတယ်လို့ အစီအရင်ခံစာက ဆိုပါတယ်။

ဒါပေမယ့် လူသားတွေ အနေနဲ့ အပြောင်းအလဲ အများစုကို လိုက်လျောညီထွေ ဖြစ်အောင် နေနိုင်စွမ်း ရှိကြတယ်လို့ အစီရင်ခံစာထဲ ထည့်သွင်း ရေးသားထားပါတယ်။

တကယ်လို့ လူသားတွေရဲ့ ကာဘွန် ထုတ်လုပ်မှုကို လျင်လျင်မြန်မြန်သာ လျှော့ချနိုင်မယ် ဆိုရင် အဆိုးဆုံး အခြေအနေ ရောက်မလာနိုင်ဘူးလို့လည်း ဆိုပါတယ်။

ဒီ အစီအရင်ခံစာကို ပါဝင် ရေးသားသူ တစ်ဦးကတော့ အစီအရင်ခံစာ နောက်ဆုံးမူကြမ်းဟာ လူတွေ ကြုံနေရ ပြီးနှင့်တဲ့ ပြဿနာတွေကို ရေးထားတာမို့ တင်ကြို သတိပေးရာ မရောက်ဘူးလို့ ပြောခဲ့ပါတယ်။

အချို့ကတော့ ဒီ အစီရင်ခံစာဟာ လူသားတွေရဲ့ ကာဘွန် ထုတ်လုပ်မှု လျှော့ချရေးအတွက် နိုင်ငံတကာ အစိုးရတွေ အကြား ဘုံသဘောတူမှု တစ်ခု ရရှိလာအောင် အဓိက တွန်းအားပေးနိုင်တဲ့ အရာအဖြစ်လည်း ရှုမြင်နေကြပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ