ခရိုင်းမီးယားကို ယူကရိန်းလက်အောက် ပြန်လွှဲပေးဖို့ ယာနုကိုဗစ်ချ်ပြော

  • 3 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption ရာထူးက ဆင်းပေးခဲ့ရတဲ့ ယူကရိန်း သမ္မတဟောင်း YANUKOVYCH

ခရိုင်းမီးယားကို ရုရှနိုင်ငံထဲ သွင်းလိုက်တာဟာ ဝမ်းနည်းစရာဖြစ်ပြီး ယူကရိန်းလက်အောက် ကို ပြန်လွဲပေးသင့်တယ်လို့ ယူကရိန်းသမ္မတဟောင်း ဗစ်တာ ယာနုကိုဗစ်ချ်က ပြောဆိုခဲ့ပါတယ်။

အေပီသတင်းဌာနနဲ့ ရုရှ ရုပ်မြင်သံကြား NTV နဲ့ မေးမြန်းခန်းမှာ မစ္စတာ ယာနုကိုဗစ်ချ်က အဲဒီလိုပြောခဲ့တာ ဖြစ်ပြီး ကိယက်ဖ်မြို့က သူ့အစိုးရအပေါ် ကန့်ကွက် ဆန္ဒပြမှုတွေကို ပစ်ခတ်နှိမ်နင်းဖို့ သူအမိန့်မပေးခဲ့ဘူးလို့လည်း ငြင်းဆိုခဲ့ပါတယ်။

ပစ်ခတ်မှုတွေဟာ အစိုးရ ဆန့်ကျင်သူတွေ ထိန်းချုပ်ထားတဲ့ အဆောက်အဦတွေက လာတာပါလို့ ဆိုပါတယ်။

လူ ၁၀၀ ကျော် သေဆုံးခဲ့ရတဲ့ ကန့်ကွက် ဆန္ဒပြမှုတွေ ဖြစ်ခဲ့ပြီးတဲ့နောက် မစ္စတာ ယာနုကိုဗစ်ချ် နိုင်ငံက ထွက်ပြေးသွားခဲ့တာဖြစ်ပါတယ်။

အခုအခါ ရုရှကိုရောက်နေတဲ့ မစ္စတာယာနုကိုဗစ်ချ်က ခရိုင်းမီးယားကို ယူကရိန်းလက် ပြန်လွဲပေးဖို့ ရုရှသမ္မတပူတင်ကို သူကြိုးစား စည်းရုံးမယ်လို့ ဆိုပါတယ်။

နောက်ပြီး ခရိုင်မီးယားကို ယူကရိန်းအောက်ပြန်ရောက်အောင် ဘယ်လို အခြေအနေမျိုး ဘယ်နည်းလမ်းနဲ့မဆို ရှာရမယ်၊ ခရိုင်မီးယားကို လွတ်လပ်ခွင့် အများကြီး ပေးချင် ပေးရ လိမ့်မယ်၊ ဒါပေမယ့် ယူကရိန်းနိုင်ငံရဲ့ အစိတ်အပိုင်း ဖြစ်ရမယ်လို့ သူက ပြောခဲ့ပါတယ်။

သူသာ အာဏာမှာ ဆက်ရှိနေရင် ခရိုင်မီးယားမှာ လူထုဆန္ဒခံယူပွဲ မဖြစ်အောင် တားဆီးနိုင်မယ်လို့ ဆိုပါတယ်။

ဒီလို ပြောဆိုခဲ့တာတွေဟာ တိုင်းပြည်က ထွက်ပြေးခဲ့ရတဲ့ သမ္မတ တယောက် အနေနဲ့ ယူကရိန်း ပြည်သူတွေဘက်က ရပ်တည်တယ် ဆိုတဲ့ အမြင်မျိုးဖြစ်အောင် အကွက်ဆင်တယ်လို့ မြင်နိုင်သလို ရူးရူးမိုက်မိုက် အဆင်ခြင်မဲ့ လေလုံးထွားတာလို့လဲ ယူဆနိုင်တယ်လို့ ယူကရိန်းနိုင်ငံ ကီဗက်ဖ်မြို့မှာရှိတဲ့ ဘီဘီစီ သတင်းထောက် David Stern က ကောက်ချက်ချပါတယ်။

အခုလို ယူကရိန်းမှာ ဖြစ်ခဲ့တာတွေနဲ့ပတ်သက်လို့ ရုရှားအစိုးရနဲ့ သူ့ကိုယ်တိုင်မှာ တာဝန်ရှိတယ်ဆိုတာ မပြောဘဲ အပြစ်တွေအားလုံးကို ယူကရိန်းအစိုးရသစ်ရဲ့ လက်ချက်ဖြစ်အောင် အသေအချာ စီစဉ်ပြောဆိုခဲ့တာလို့ ဒေးဗစ်စတန်းက သုံးသပ်ပါတယ်။

မစ္စတာယာနုကိုဗစ်ချ် အခုလို ပြောတာတွေဟာ အခုအချိန်မှာ ဘာမှ ဖြစ်လာနိုင်မှာမဟုတ်ဘူးလို့ ဆိုပါတယ်။

သူနိုင်ငံက ထွက်မပြေးခင်ကတည်းက သမ္မတပူတင်က သူ့အပေါ် အေးတိအေးစက် ဆက်ဆံနေခဲ့တာကြောင့် အခုဆိုရင် ပိုပြီးတောင် ပူတင်က အထင်သေးလိမ့မယ်လို့ ပြောပါတယ်။

ခရိုင်မီးယားကို ပြန်လွဲပေးဖို့ ယာနုကိုဗစ်ချ်က သမ္မတပူတင်ကို ဆွဲဆောင်မယ်လို့ပြောခဲ့ပေမယ့် ယာနုကိုဗစ်ချ်အနေနဲ့ ပူတင်ကို တွေ့ခွင့်တောင်ရနိုင်ပါ့မလားလို့ ဘီဘီစီ သတင်းထောက် ဒေးဗစ် စတန်းက မေးခွန်းထုတ်နေပါတယ်။