မန်ယူ နည်းပြဟောင်းကြီး ဟားဗတ်မှာ အဆူအကြိမ်းတွေ လုပ်ဦးမှာလား

ဓာတ်ပုံ မူပိုင် Getty
Image caption မန်ယူ အဖွဲ့သားတွေနဲ့ ဆာအဲလက်စ် ဖာဂူဆန်

မန်ချက်စတာ ယူနိုက်တက် အသင်းမန်နေဂျာဟောင်း ဆာ အဲလက်စ် ဖာဂူဆန် ဟာ အမေရိကန်က ထိပ်တန်း စီးပွားရေးနဲ့ စီမံခန့်ခွဲမှုပညာ တက္ကသိုလ်ကြီး ဖြစ်တဲ့ Harvard business school မှာ သင်ကြားပို့ချတဲ့ နည်းပြ တာ၀န်ကို လက်ခံ ရယူလိုက်ပါပြီ။

သူ့ရဲ့ သင်ကြားပုံ သင်ကြားနည်းတွေက စီးပွားရေး လုပ်ငန်းရှင်ကြီးတွေအပေါ် ထိရောက်မှု ရှိလိမ့်မယ်လို့ ဘောလုံးသမိုင်းမှာ အကျော်ကြားဆုံး မန်နေဂျာ တယောက် ဖြစ်တဲ့ ဆာ အဲလက်စ် က မျှော်လင့် နေပါတယ်။

ဒါပေမယ့်လည်း အခုလို ကျောင်းသင်ခန်းစာသင်ကြားမှုမှာ သူအောင်မြင်ပါ့မလား ဆိုတာကတော့ ငြင်းခုန်စရာ ဖြစ်နေပါတယ်။

သူ့သင်ခန်းစာတွေထဲမှာ တချိန်က နာမည်ဆိုးနဲ့ ကျော်ကြားခဲ့တဲ့ hairdryer treatment ပါမလား ဆိုတာတော့ မသိရသေးပါဘူး။

hairdryer treatment ဆံပင် လေမှုတ်စက် ဆိုတာကတော့ သူဟာ ကစားသမားတွေရဲ့ မျက်နှာ အနားကပ်ပြီး အော်ဟစ် ဆူပူ ကြိမ်းမောင်းလေ့ ရှိတာကြောင့် တဖက်သားမှာ ဆံပင်တွေ ခြောက်သွားတဲ့ အထိ ခံစားရတဲ့ အတွက် တင်စားပြီး hairdryer treatment လို့ ခေါ်တာ ဖြစ်ပါတယ်။