တရုတ်သင်္ဘောက အချက်ပေးသင်္ကေတ ထပ်ဖမ်းမိ

  • 6 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption တရုတ်သင်္ဘောက နောက်ထပ်အချက်ပေးသံ ထပ်ဖမ်းမိ

ပျောက်နေတာ တလ လောက်ကြာလာပြီဖြစ်တဲ့ မလေးရှားလေယာဉ်ရှာဖွေရေးမှာ ပါဝင်တဲ့ တရုတ်သင်္ဘောတစင်းက မနေ့က ဒုတိယအကြိမ်ထပ်ပြီး အချက်ပေးသင်္ကေတကို ဖမ်းမိခဲ့တယ်လို့ ဆိုပါတယ်။

အခု ဒုတိယအကြိမ် အချက်ပေးသင်္ကေတ ဖမ်းမိတဲ့နေရာက ပထမ ဖမ်းမိတဲ့နေရာနဲ့ ၁ မိုင် ကျော်ကျော်လောက်မှာလို့ ရှာဖွေရေးလုပ်ငန်းကို ညှိနှိုင်းဆောင်ရွက်နေတဲ သြစတြေးလျ တာဝန်ခံတွေက ပြောပါတယ်။

ဒုတိယသင်္ကေတက စက္ကန့် ၉၀ လောက်ကြာတယ်လို့ ဆိုပါတယ်။

ဒီလို အချက်ပေးသင်္ကေတ ထပ်ပြီး ဖမ်းမိခဲ့တာဟာ ရှာဖွေရေးမှာ အရေးပါပြီး အားတက်စရာကောင်းတယ် အခုတွေ့ရှိချက်ကို အရေးတကြီး သဘောထား ဆောင်ရွက်သွားမယ်၊ တရုတ်သင်္ဘောတွေ့ရှိခဲ့တဲ့ နေရာကို နောက်ထပ် စုံစမ်းစစ်ဆေးဖို့ သြစတြေးလျ တော်ဝင်လေတပ်က ကူညီဆောင်ရွက်နေပါတယ်လို့ လေတပ်အကြီးအကဲ မာရှယ် Angus Houston က ပြောခဲ့ပါတယ်။

ဒါပေမယ့် ရတဲ့ ဒီလို ဖမ်းမိတဲ့ အချက်ပေးသင်္ကေတနဲ့ပတ်သက်လို့ ဘာမှ အတည်ပြု ပြောလို့ မရနိုင်သေးဘူးလို့ သူက သတိပေးပြောကြားခဲ့ပါတယ်။

အဲဒီနေရာကို သြစတြေးလျလေယာဉ် တစင်းသွားနေသလို သြစတြေးလျ ရေတပ်သင်္ဘော ADB Ocean Shield လဲ အဲဒီကို ဦးတည်ခုတ်မောင်းနေတယ်လို့ ဆိုပါတယ်။

ဗြိတိသျှရေတပ်သင်္ဘော HMS Echo လဲ အဲဒီနေရာကို နောက်ထပ်စုံစမ်းစစ်ဆေးဖို့ သွားရောက်နေပြီး မနက်ဖြန်မနက်ပိုင်းလောက်မှာ ရောက်မယ်လို့မျှော်လင့်ရပါတယ်။

HMS Echo နဲ့ ADB Ocean Shield သင်္ဘော ၂စင်းလုံးမှာ ဘလက်ဘောက်စ်လို့ခေါ်တဲ့ လေယာဉ်ပျံသန်းမှုမှတ်တမ်းတင် ကိရိယာက ထုတ်လွှတ်တဲ့ အချက်ပြသင်္ကေတတွေကို ဖမ်းယူနိုင်တဲ့ နည်းပညာတွေ ပါရှိပါတယ်။

သြစတြေးလျ ရေတပ်သင်္ဘော ADB Ocean Shield သင်္ဘော ဟာ ပတ်သ်မြို့ အနောက်ဘက် ကမ်းလွန်ပင်လယ်ပြင်မှာ အမျိုးအမည်မဖေါ်နိုင်တဲ့ တတိယမြောက် အချက်ပေး သင်္ကေတ တခုကိုလည်း စောစောပိုင်းက ဖမ်းမိခဲ့ပါသေးတယ်

မတ်လ ၈ ရက်နေ့ကတည်းက ပျောက်ဆုံးသွားခဲ့တဲ့ မလေးရှာ လေကြောင်းပိုင်လေယာဉ်မှာ လူ ၂၃၉ ဦးပါပြီး နောက်ဆုံးရရှိတဲ့ အချက်အလက်တွေအရ အိန္ဒိယသမုဒ္ဒရာ ထဲမှာ ပျက်ကျသွာခဲ့တယ်လို့ စုံစမ်းစစ်ဆေးသူတွေက ကောက်ချက်ချခဲ့ကြပါတယ်။

ဒါပေမယ့် လေယာဉ်ပျက်အပိုင်းအစ ဘာတခုမှ အခုထိ ရှာမတွေ့သေးလို့ ထူးဆန်းတဲ့ ပျောက်ဆုံးမှု ဖြစ်နေပါတယ်။

လေယာဉ်မှာပါတဲ့ ဘက်ဘောက်စ်ရဲ့ ဘက်ထရီဟာ ရက် ၃၀ ကျော်လာရင် အားနည်းလာတော့မှာ ဖြစ်တဲ့အတွက် ရှာဖွေရေးကို အားသွန်လုပ်နေကြပါတယ်။