လစ်ဗျား ရေနံပိုက်လိုင်းကိစ္စ သူပုန်နဲ့အစိုးရ သဘောတူညီမှုရ

  • 7 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption လစ်ဗျားက ရေနံ ထုတ်ရာ နေရာ

လစ်ဗျား နိုင်ငံ အရှေ့ပိုင်းက ရေနံထုတ် ပိုက်လိုင်း နှစ်ခု ရှစ်လကြာ ပိတ်ထားမှုကို ပြန်ဖွင့်ပေးလိုက်ဖို့ သူပုန်တွေနဲ့ သဘောတူညီမှု ရသွားပြီလို့ အစိုးရက ပြောပါတယ်။

Zueitina နဲ့ Hariga ရေနံ ပိုက်လိုင်း နှစ်ခုဟာ အခုတော့ အစိုးရ ထိန်းချုပ်မှုအောက် ရောက်လာပြီလို့ တရားရေး ဝန်ကြီး Salah al-Marghani က သတင်းထောက်တွေကို ပြောပါတယ်။

တခြား ရေနံ ဆိပ်ကမ်းကြီး နှစ်ခု ဖြစ်တဲ့ ရက်စ်လာနုဖ် နဲ့ ဆီဒရာ တွေ ပြန်ဖွင့်ပေးဖို့ သူပုန်တွေနဲ့ ထပ်ဆွေးနွေးဖို့ လိုသေးတယ်လို့ မစ္စတာ အယ်လ် မက်ဂနီ က ပြောပါတယ်။

သူပုန်တွေကတော့ လစ်ဗျား ရေနံ လုပ်ငန်းမှာ အဂတိ လိုက်စားမှုတွေ ရှိပြီး သူတို့အတွက် ရှယ်ယာတွေ ပိုပေးဖို့ တောင်းဆိုခဲ့ပါတယ်။

အခုလို သူပုန်တွေက ရေနံထုတ်လုပ်မှုတွေကို ပိတ်ဆို့ ထားလို့ အစိုးရ အတွက် ဝင်ငွေ ဒေါ်လာ ကိုးဘီလီယံကျော် နစ်နာ ဆုံးရှုံးခဲ့ပါတယ်။