ယူကရိန်းအရှေ့ပိုင်း မငြိမ်သက်မှု ရုရှလက်ချက်လို့ဆို

  • 9 ဧပြီ 2014
ဓာတ်ပုံ မူပိုင် bbc
Image caption Donetsk မြို့ အစိုးရရုံးရှေ့က ဆန္ဒပြနေသူတွေ

ရုရှား အထူးတပ်ဖွဲ့တွေနဲ့ ထောက်လှမ်းရေးသမားတွေဟာ ပြီးခဲ့တဲ့ ၂၄နာရီက ဖြစ်ခဲ့တဲ့ ယူကရိန်းအရှေ့ပိုင်းက ဆူပူမှုတွေကို နောက်ကွယ်ကနေ သွေးထိုးပေးနေခဲ့တယ်ဆိုတာ ထင်ရှာတဲ့ အထောက်အထားတွေ ရှိတယ် ဒါကြောင့် သူတို့မှာ တာဝန်ရှိတယ်လို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ဆီးနိတ်ကော်မီတီတရပ်ကို ပြောကြားခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်းမှာ လတ်တလော တွေ့နေခဲ့တဲ့ ဖြစ်ရပ်တွေဟာ ခရိုင်းမီးယားမှာ မြင်ခဲ့ရသလို စစ်ရေးအရ ကြားဝင်နိုင်အောင် အစပျိုးလုပ်ဆောင်နေတာမျိုးဖြစ်တယ်လို့ မစ္စတာကယ်ရီက ပြောပါတယ်။

အမေရိကန် အစိုးရ အနေနဲ့ ရုရှားရဲ့ အခရာ ကျတဲ့ စီးပွားရေး ကဏ္ဍ အပိုင်းကို ထိခိုက်နိုင်မယ့် ဒဏ်ခတ်ပိတ်ဆို့မှု တွေ လုပ်ဖို့ ပြင်ဆင်နေကြောင်းလည်း သူကသတိပေးလိုက်ပါတယ်။

နေတိုးအတွင်းရေးမှူးချုပ် အန်ဒါစ် ဖို့ ရေမူဆန်ကလည်းရုရှားအနေနဲ့ ယူကရိန်းမှာ နောက်ထပ်ကြားဝင်စွက်ဖက်ရင် ဆိုးရွားတဲ့ အကျိုးဆက်တွေဖြစ်လာမယ့် သမိုင်းဝင်အမှားတခုကို ကျူးလွန်တာဖြစ်လိမ့်မယ်လို့ သတိပေးလိုက်ပြီး ယူကရိန်းနယ်စပ်မှာ အင်နဲ့အားနဲ့ရှိနေတဲ့ ရုရှတပ်တွေကို ပြန်ရုပ်ဖို့ ပြောခဲ့ပါတယ်။

နောက်ပြီး လက်ရှိယူကရိန်းအစိုးရနဲ့ တရားဝင် ပြောဆိုဆွေးနွေးဖို့ကိုလည်း သူက တိုက်တွန်းလိုက်ပါတယ်။

ဒီလိုနေတိုးအတွင်းရေးမှုးချုပ်ရဲ့ သတိပေးချက်နဲ့ပတ်သက်လို့ ရုရှားအထက်လွှတ်တော်အမတ် Andrei Klimov က ဒါဟာ ခြိမ်းခြောက်တာဘဲလို့ တုံပြန်လိုက်ပြီး ရုရှားအနေနဲ့ စစ်ရေးအရ ဝင်စွက်ဖို့ ဆန္ဒမရှိဘူးလို့ ငြင်းလိုက်ပါတယ်။

ရုရှားတို့ဟာ ယူကရိန်းအစိုးရနဲ့ရော၊ ဥရောပသမဂ္ဂနဲ့ပါ စေ့စပ်ညှိနှိုင်းဖို့ အဆင်သင့်ရှိနေပေမယ့် ဥရောပသမဂ္ဂက အဆင်သင့်မဖြစ်သေးတာ ဝမ်းနည်းစရာပါလို့ သူကပြောခဲ့ပါတယ်။

ဒီအတောအတွင်းမှာတော့ ဥရောပကော်မရှင်က ယူကရိန်းကို အကူအညီပေးရာမှာ ညှိနှိုင်းဆောင်ရွက်မယ့် ယူကရိန်အထောက်အကူပြုအဖွဲ့ကို ဖွဲ့စည်းလိုက်ပါတယ်။

ရုရှဝါရင့်ပါလီမန်အမတ် Viktor Ozerov, ကတော့ ခရိုင်မီးယားကို ရုရှားတပ်တွေ လွှတ်နိုင်အောင် ပါလီမန်က သမ္မတပူတင်ကို ပေးထားတဲ့ လုပ်ပိုင်ခွင့်အာဏာအရ မူအားဖြင့် ပူတင်အနေနဲ့ ယူကရိန်းက ဘယ်နေရာကို မဆို တပ်တွေစေလွှတ်နိုင်တယ်လို့ ဖေါ်ပြပြောဆိုခဲ့ပါတယ်။

ယူကရိန်းအရှေ့ပိုင်းက Kharkiv ခါကစ်ဗ် မြို့မှာ မှာ ရုရှလိုလားတဲ့ လှုပ်ရှားသူတွေ သိမ်းထားတဲ့ အစိုးရရုံးတခုကို အစိုးရက ပြန်ယူနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ယူကရိန်း အရှေ့ဘက်ရှိ ဒေါ့နက်စ်ခ် မြို့က ခရိုင်အစိုးရ ဌာနချုပ်ရုံး ကိုတော့ ရုရှအစိုးရ လိုလားတဲ့ ဆန္ဒပြသူတွေ ဆက်လက် သိမ်းပိုက်ထားကြပါတယ်။

ရုရှားအစိုးရကတော့ ရုရှလိုလားသူတွေရဲ့ ဆန္ဒပြမှုကို အင်အားသုံးဖြိုခွင်းရင် ပြည်တွင်းစစ် ဖြစ်လာနိုင်တယ်လို့ သတိပေးနေပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ