ရုရှလိုလားသူတွေ ယူကရိန်း အရှေ့ပိုင်း ရဲစခန်းတခု ထပ်သိမ်းပြန်

  • 13 ဧပြီ 2014
Image caption အစိုးရ ရုံးတွေ ကိုသိမ်းပိုက်မှု ဖြစ်တဲ့ နေရာ အတော် များများရှိ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်း ကရာမာတော့စခ် မြို့မှာ ရဲနဲ့ အပြန်အလှန် ပစ်ခတ်မှုတွေ ဖြစ်ပွားခဲ့အပြီး ရုရှားလိုလားတဲ့ လှုပ်ရှားတက်ကြွသူတွေက ရဲစခန်း ဌာနချုပ်ကို သိမ်းပိုက်လိုက်တယ်လို့ သတင်းတွေအရ သိရပါတယ်။

ယူနီဖေါင်း ဆင်တူ ဝတ်ထားကြတဲ့ အနည်းဆုံး လူနှစ်ဆယ်လောက်နဲ့ အစီအစဉ်တကျ ဖွဲ့ထားတဲ့ အဖွဲ့တဖွဲ့က ဒီတိုက်ခိုက်မှုကို လုပ်ခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ အခုလို တိုက်ခိုက်မှုမျိုးတွေ ဆက်တိုက် ဖြစ်ပွားခဲ့အပြီးမှာ အမေရိကန် အစိုးရက ရုရှား လိုလားတဲ့ ခွဲထွက်ရေး လှုပ်ရှားသူတွေဟာ ရုရှား အစိုးရရဲ့ အားပေး ကူညီမှုနဲ့ အကြမ်းဖက်မှုတွေ ဖြစ်အောင် အကွက်ချလုပ်နေပုံရပြီး ဒီကိစ္စအပေါ် စိုးရိမ်မကင်း ဖြစ်မိကြောင်း ထုတ်ဖေါ်ပြောကြားလိုက်ပါတယ်။

ယူကရိန်းနိုင်ငံကို မတည်မငြိမ် ဖြစ်အောင်လုပ်ဖို့ ကြိုးစားနေတာကိုလည်း ရပ်တန်းက ရပ်ဖို့ ရုရှားသမ္မတ ပူတင်ကို တိုက်တွန်း ပြောကြားလိုက်ပါတယ်။

ရုရှားအစိုးရကလည်း ယူကရိန်းအစိုးရအနေနဲ့ လက်နက်ကိုင် အရေးယူတာမျိုး လုပ်ခဲ့မယ် ဆိုရင် ငြိမ်းချမ်းရေး ဆွေးနွေးဖို့ အလားအလာတွေကို မှေးမှိန်သွားစေလိမ့်မယ်လို့ သတိပေး ပြောကြားလိုက်ပါတယ်။