ချီလီမှာ တောမီး အကြီးအကျယ် ပျံ့နှံ့ လောင်ကျွမ်း

  • 14 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption ဒီတောမီးဟာ ဗာလ်ပါရိုင်ဇိုမြို့ သမိုင်းမှာ အဆိုးဝါးဆုံးလို့ ချီလီ သမ္မတ ပြော

ချီလီနိုင်ငံက သမိုင်းဝင် ဆိပ်ကမ်းမြို့ဖြစ်တဲ့ ဗာလ်ပါရိုင်ဇိုမြို့မှာ တောမီး အကြီးအကျယ် ပျံ့နှံ့ လောင်ကျွမ်းခဲ့ရာမှာ အနည်းဆုံး လူ၁၁ဦး သေဆုံးခဲ့ပြီး လူတသောင်းကျော်လောက်ကို ဘေးကင်းရာ ကယ်ထုတ်ခဲ့ရပါတယ်။

အိမ်ပေါင်း ရာနဲ့ချီ မီးလောင်ကျွမ်း ပျက်စီးသွားစေခဲ့တဲ့ အဲဒီ တောမီးကို စနေနေ့ကတည်းက မီးသတ်သမား တထောင်ကျော်လောက်က ကြိုးစား ငြှိမ်းသတ်နေ ကြပါတယ်။

ကယ်ဆယ်ရေး ဆောင်ရွက်မှုတွေကို ကြီးကြပ်ဖို့ ဗာလ်ပါရိုင်ဇိုမြို့မှာ ရောက်နေတဲ့ ချီလီ သမ္မတ မီချဲလ် ဘချလက်တ် က ဒီတောမီးဟာ ဗာလ်ပါရိုင်ဇိုမြို့ သမိုင်းမှာ အဆိုးဝါးဆုံး တောမီး ဖြစ်ဘွယ် ရှိတယ်လို့ ပြောပါတယ်။

ဗာလ်ပါရိုင်ဇိုမြို့ကို ကပ်ဘေးသင့် ဇုံနယ်မြေအဖြစ် သတ်မှတ် ကြေညာခဲ့အပြီး ကယ်ဆယ်ရေး လုပ်ငန်းတွေမှာ စစ်တပ်က ဦးဆောင်လုပ်ဖို့ သမ္မတ ဘချလက်တ်က ညွှန်ကြားထားပါတယ်။

တည်ငြိမ်အေးချမ်းမှု ရှိအောင်နဲ့ ခိုးဆိုး လုယက်မှုတွေ မဖြစ်အောင် တားဆီးတဲ့အနေနဲ့ လမ်းမတွေပေါ်မှာ လုံခြုံရေး တပ်ဖွဲ့တွေကိုလည်း ချထားလိုက်ပါတယ်။

နေအိမ်တွေကနေ ကိုယ်လွတ်ရုန်း ထွက်ပြေးခဲ့ရသူတွေအတွက် ယာယီတဲတွေ ဆောက်ထားပေးတယ်လို့လည်း သိရပါတယ်။

ဗာလ်ပါရိုင်ဇိုမြို့ဟာ တောင်တန်း အမြင့်တွေပေါ်မှာ ဆောက်လုပ်ထားတာ ဖြစ်ပြီး ကွေ့ကောက်တဲ့ လမ်းကျဉ်း လမ်းသွယ်တွေကြောင့် မီးသတ်သမားတွေ အတွက် ပိုအခက်တွေ့ခဲ့ရပါတယ်။