ယူကရိန်း အရှေ့ပိုင်း အခြေအနေ ဆိုးလာနေ

  • 14 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AFP
Image caption Horlivka မြို့က ရဲစခန်းကို ဝင်မသိမ်းမီ ခဲနဲ့ ပစ်နေသူများ။

ယူကရိန်း နိုင်ငံ အရှေ့ပိုင်းမှာ ရုရှား လိုလားသူတွေ သိမ်းပိုက်ထားတဲ့ အဆောက်အဦ တွေကနေ ထွက်ခွာသွားဖို့ ယူကရိန်း အစိုးရက ရာဇသံပေးထားတဲ့ နောက်ဆုံးအချိန် ကျော်သွားပေမယ့် ဆန္ဒပြသူတွေက Horlivka မြို့က ရဲစခန်း တစ်ခုကို ချိုးဖျက် ဝင်ရောက်ပြီး ထပ်မံ တိုက်ခိုက်ခဲ့ပါတယ်။

ဗီဒီယို တွေထဲမှာ လက်နက် ကိုင်ထားတဲ့ ဆန္ဒပြသူ လူ တစ်ရာကျော် လောက်က အဆောက်အဦကို တိုက်ခိုက်နေပြီး လူအုပ်စုကြီး တစ်စုက ရဲအရာရှိ တစ်ယောက်ကို ရိုက်နှက် နေတာ တွေ့ရပါတယ်။

သိမ်းပိုက်ထားတဲ့ အစိုးရ အဆောက်အဦးတွေကနေ ဖယ်ပေးဖို့၊ မဖယ်ရင် အင်အားသုံး ဖယ်ရှားရလိမ့်မယ်လို့ ယူကရိန်း အစိုးရက ရာဇသံ ပေးထားတဲ့ သတ်မှတ်ချိန် ကျော်သွားပေမယ့် တခြား မြို့တွေမှာလည်း လက်နက် ကိုင်ထားသူတွေက အဆောက်အဦ တွေကို ဆက်လက် သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။

Loviansk နဲ့ Donetsk မြို့တွေမှာ အဆောက် အဦတွေကို သိမ်းထားသူတွေက လက်နက်တွေ ကိုင်ထားပြီး ခုခံဖို့ ပြင်ထားကြတဲ့ အတွက် သတိပေးမှုကို လိုက်နာမယ့် အနေအထား မရှိဘူးလို့ သတင်းထောက်တွေက ပြောပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေရီ လက်ဗ်ရောဗ် က ယူကရိန်း အရှေ့ပိုင်းမှာ သူတို့ရဲ့ လျှို့ဝှက် ထောက်လှမ်းရေးတွေ ရှိတယ် ဆိုတဲ့ စွပ်စွဲမှုတွေကို ငြင်းဆိုခဲ့ ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ