ယူကရိန်းအရေး အမေရိကန်နဲ့ ရုရှားသမ္မတတို့ ဖုန်းနဲ့ ဆွေးနွေး

  • 15 ဧပြီ 2014
ယူကရိန်း အရှေ့ပိုင်းမှာ ရုရှားလိုလားသူတွေက အစိုးရ အဆောက်အအုံတွေကို ဆက်သိမ်းပိုက်နေဆဲ

ယူကရိန်းနိုင်ငံ အရှေ့ပိုင်းမှာ ရုရှားက ဝင်ရောက် စွက်ဖက်နေတယ် ဆိုတဲ့ အမေရိကန်အစိုးရရဲ့ စွပ်စွဲချက်တွေကို ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ပယ်ချ လိုက်ပါတယ်။

ဒီလို စွပ်စွဲ ပြောဆိုမှုမျိုးတွေဟာ အခြေအမြစ် မရှိတဲ့ သတင်းတွေ အပေါ် အခြေခံ ပြောနေတာ ဖြစ်ကြောင်း သမ္မတ ပူတင်က အမေရိကန် သမ္မတ အိုဘားမားနဲ့ ဖုန်းပြောစဉ်မှာ ပြောဆိုခဲ့တယ်လို့ ရုရှား အစိုးရက ပြောပါတယ်။

အမေရိကန် အစိုးရ တာဝန်ရှိ ပုဂ္ဂိုလ်တွေကတော့ အမေရိကန် အစိုးရဟာ ယူကရိန်း ပဋိပက္ခကို သံတမန်ရေးနဲ့သာ ဖြေရှင်းလိုကြောင်း ရုရှားအစိုးရရဲ့ လုပ်ရပ်တွေက အထောက်အကူ မပြု ဖြစ်နေတယ် ဆိုတဲ့ အကြောင်းတွေကို သမ္မတ အိုဘားမားက သမ္မတ ပူတင်ကို ပြောခဲ့တယ်လို့ ဆိုပါတယ်။

ယူကရိန်းမှာ ရုရှားတို့ လုပ်ခဲ့တဲ့ လုပ်ရပ်တွေကို တုန့်ပြန်တဲ့အနေနဲ့ ရုရှားနိုင်ငံအပေါ် ဒဏ်ခတ် ပိတ်ဆို့မှုတွေ လုပ်ကောင်း လုပ်ဖို့ ဥရောပ မဟာမိတ်နိုင်ငံတွေနဲ့ ဆွေးနွေး တိုင်ပင်နေတယ်လို့ အမေရိကန် အစိုးရက ပြောပါတယ်။

အစိုးရ အဆောက်အအုံတွေကို ရုရှားလိုလားတဲ့ လက်နက်ကိုင်တွေ ဆက်သိမ်းပိုက် နေတဲ့ ယူကရိန်းနိုင်ငံ အရှေ့ပိုင်းက ခက်ခဲ နက်နဲတဲ့ အခြေအနေတွေကို ယူကရိန်း အစိုးရက ထိန်းထိန်းသိမ်းသိမ်း ကိုင်တွယ် ဆောင်ရွက်နေတယ် ဆိုပြီး အမေရိကန် အစိုးရက ချီးကျူးပြောဆိုလိုက်ပါတယ်။

ဒီအတောအတွင်းမှာပဲ အစိုးရ အဆောက်အအုံတွေကို ရုရှား လိုလားတဲ့ လက်နက်ကိုင်တွေ ဆက်လက် သိမ်းပိုက်နေတဲ့ ယူကရိန်း နိုင်ငံ အရှေ့ပိုင်းမှာ ကုလသမဂ္ဂ ငြိမ်းချမ်းရေး အထူးတပ်ဖွဲ့တွေ ချထားပေးဖို့ ယူကရိန်း ယာယီ သမ္မတ အိုလက်ခ်ဆဲန်ဒါး တူချီနော့ဗ် က ပန်ကြားလိုက်ပါတယ်။

အဲဒီ လက်နက်ကိုင် အုပ်စုတွေကို ဖယ်ရှားဖို့ စစ်ဆင်လှုပ်ရှားမှုတခုကို ယူကရိန်း လုံခြုံရေး တပ်ဖွဲ့တွေနဲ့ ကုလသမဂ္ဂ ငြိမ်းချမ်းရေး တပ်ဖွဲ့တို့ ပူးတွဲ ဆောင်ရွက် နိုင်မယ်လို့ မစ္စတာ တူချီနော့ဗ် က အကြံပြု ပြောခဲ့ပါတယ်။

ကုလသမဂ္ဂ ဆိုင်ရာ ယူကရိန်းနိုင်ငံ သံအမတ်ကြီး ယူရီယာ ဆာဂေယက်ဗ် က လုံခြုံရေး ကောင်စီမှာ ရုရှားက ဗီတိုအာဏာ သုံးပြီး ပယ်ချခွင့် ရှိနေတာကြောင့် ဒီလို အင်အားသုံး တိုက်ဖို့ ဆိုတာ လက်တွေ့မှာ မဖြစ်နိုင်ကြောင်း ဒါပေမယ့် ပြင်ပက စစ်ရေး အကူအညီ လိုအပ်နေတယ် ဆိုတာကို ယူကရိန်း အစိုးရက အရိပ်ပြ ပြောဆိုနေတာ ဖြစ်ကြောင်း ဘီဘီစီကို ထုတ်ဖေါ် ပြောသွားပါတယ်။

အစိုးရ အဆောက်အအုံတွေကနေ ထွက်ခွာကြဖို့ ယူကရိန်း အစိုးရက နောက်ဆုံး သတ်မှတ်ထားတဲ့ အချိန်ကို ကျော်လွန်သွားခဲ့အပြီး အစောပိုင်းတုန်းက နိုင်ငံ အရှေ့ပိုင်း ဟောလစ်ဗ်ကာမြို့မှာ ရုရှားလိုလားသူတွေက ရဲစခန်းတခုထဲ အတင်း ဝင်ရောက်ခဲ့ကြပါတယ်။