ခရိုင်းမီးယားမှာ ရုရှားတပ် ပါဝင်ခဲ့မှု ပူတင် ဝန်ခံ

ဓာတ်ပုံ မူပိုင် AFP
Image caption ပူတင်ရဲ့ မေးမြန်းခန်းကို ခရိုင်းမီးယားကနေ ကြည့်ရှုနေကြစဉ်။

ရုရှား သမ္မတ ဗလာဒီမီယာ ပူတင်က ယူကရိန်း နိုင်ငံထဲကို ရုရှား တပ်တွေ စေလွှတ်ဖို့ အခွင့် အာဏာ အပ်နှင်းခံထား ရပေမယ့် အဲဒီ အခွင့်အရေးကို သုံးဖို့ လိုမှာ မဟုတ်ပါဘူးလို့ မျှော်လင့်ကြောင်း ပြောပါတယ်။

ရုပ်မြင်သံကြား ပေါ်မှာ နှစ်စဉ် ပြုလုပ်တဲ့ ဖုန်းလိုင်းက တဆင့် သူ့ကို ဆက်သွယ် မေးမြန်းခန်းမှာ ယူကရိန်း နိုင်ငံ အရှေ့ပိုင်းက ဆန့်ကျင် ဆန္ဒပြမှုတွေမှာ ရုရှား ပါဝင် ပတ်သက်မှု ရှိတယ်ဆိုတဲ့ စွပ်စွဲချက် တွေနဲ့ ပတ်သက်လို့ မေးရာမှာ မပတ်သက်ကြောင်း သမ္မတ ပူတင်က ပြောပါတယ်။

ဒီပြောဆိုမှုတွေ အားလုံး အဓိပ္ပာယ် မရှိဘူး၊ ယူကရိန်း အရှေ့ပိုင်းမှာ ရုရှား တပ်ဖွဲ့တွေ မရှိဘူး၊ အမိန့်ပေးသူ မရှိဘူး၊ ထောက်လှမ်းရေး မရှိဘူး၊ အဲဒီလူတွေ အားလုံးက ဒေသခံတွေချည်းပါပဲလို့ ပူတင်က ပြောပါတယ်။

ဒါပေမယ့် ခရိုင်းမီးယားမှာ ရုရှားတပ်တွေ ရှိနေခဲ့တယ် ဆိုတာကိုတော့ ပထမဆုံး အကြိမ် ဝန်ခံခဲ့ပါတယ်။

ဒါ့အပြင် ယူကရိန်း ပြဿနာကို တွေ့ဆုံ ဆွေးနွေးခြင်းကသာ အဖြေရှာနိုင်မှာ ဖြစ်ကြောင်းနဲ့ ဒီကနေ့ ဂျီနီဗာမှာ ပြုလုပ်မယ့် နိုင်ငံတကာ ဆွေးနွေးပွဲက အလွန် အရေးကြီးကြောင်း သူက ဆက်ပြောပါတယ်။

သမ္မတ ပူတင်ဟာ အမေရိကန်ရဲ့ လျှို့ဝှက် ထောက်လှမ်းမှုတွေကို ဖွင့်ချခဲ့သူ ထောက်လှမ်းရေး အရာရှိဟောင်း Edward Snowden ရဲ့ မေးခွန်းကိုလည်း လက်ခံခဲ့ပါတယ်။

Edward Snowden ရဲ့ အမေးကို ဖြေကြားရာမှာ ရုရှား အရပ်သားတွေရဲ့ ဆက်သွယ် ပြောကြား ရေးသားမှုတွေကို လက်လွတ်စပယ် ကြားဖြတ် ခိုးယူဖို့ သူ့နိုင်ငံက ခွင့်ပြုမထားပါဘူးလို့ သမ္မတ ပူတင်က ပြောပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ