တောင်ကိုရီးယား သင်္ဘောပျက်ထဲ ဝင်နိုင်ပြီ

  • 20 ဧပြီ 2014
_south_korea_ferry ဓာတ်ပုံ မူပိုင် AFP
Image caption ရေငုပ်သမားတွေရဲ့ ကင်မရာကတဆင့် မိသားစုဝင်တွေ ကြည့်ရှုနေပုံ

ဗုဒ္ဓဟူးနေ့က နစ်မြုပ်ခဲ့တဲ့ တောင်ကိုရီးယား သင်္ဘောရဲ့ အတွင်းပိုင်းကနေ၊ သေဆုံးသွားသူတွေရဲ့ ကိုယ်ခန္ဓာတွေကို၊ ရေငုပ်ရှာဖွေသူတွေက စတင် တွေ့ရှိ ရယူနေကြပြီ ဖြစ်ပါတယ်။

သင်္ဘောမှန်ကို ခွဲပြီး၊ အလောင်း ၁၃လောင်း ရယူနိုင်ခဲ့တဲ့ အတွက်၊ အခုဆို အတည်ပြုနိုင်တဲ့ သေဆုံးစာရင်းမှာ ၄၆ ယောက် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

လူပေါင်း ၂၅၀ ကျော် ဆက်လက် ပျောက်ဆုံးနေကြဆဲ ဖြစ်ပြီး၊ အဲဒီ့အထဲမှာ ကလေးသူငယ်တွေ အများကြီး ပါပါတယ်။

ရေငုပ်သမားတွေ ကိုင်ဆောင်ထားတဲ့ ကင်မရာကနေ တဆင့် တွေ့ရတဲ့ ပုံရိပ်တွေကို၊ ကျန်ရစ်သူ မိသားစုဝင် တချို့ ကြည့်ရှု့နေကြပါတယ်။

အာဏာပိုင်တွေက ဒီရေငုပ် ရှာဖွတဲ့ အလုပ်ဟာ ၂ လလောက် အချိန် ယူရနိုင်တယ်လို့ ပြောခဲ့တဲ့ အတွက်၊ တချို့ မိသားစုဝင်တွေကို ဒေါသထွက်စေခဲ့ပါတယ်။

အားသန်တဲ့ ရေစီးကြောင်းတွေ၊ ရေလှိုင်းလုံး အမြင့်ကြီးတွေနဲ့ ရေအောက်မြင်ကွင်း ရှင်းလင်းမှု အလွန် အားနည်းတာတွေဟာ၊ ရေငုပ် ရှာဖွေမှုကို အင်မတန် နှောင့်နှေးနေစေပါတယ်။

သင်္ဘောနစ်မြုပ်စဉ်မှာ၊ ပဲ့ကိုင်နေသူဟာ၊ အတွေ့ကြုံ မရှိတဲ့ တတိယအဆင့် သင်္ဘောဝန်ထမ်း တစ်ဦး ဖြစ်တယ်လို့ အစိုးရ ရှေ့နေတွေက ပြောပါတယ်။ အခုဆို အဲ့ဒီ့သင်္ဘောရဲ့ မာလိန်မှုးအပြင်၊ ဒုတိယအဆင့် ဝန်ထမ်းတစ်ဦးနဲ့၊ ပဲ့ကိုင်နေခဲ့သူဆိုတဲ့ တတိယအဆင့် ဝန်ထမ်းတစ်ဦးတို့ကို ဖမ်းဆီးထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ