တိမ်းမှောက်ခဲ့တဲ့ တောင်ကိုရီးယား သင်္ဘောကက်ပတိန်ကို သမ္မတ ပြစ်တင်

ဓာတ်ပုံ မူပိုင် AFP
Image caption သင်္ဘောကက်ပတိန်နဲ့ ဝန်ထမ်းတချို့ရဲ့ လုပ်ရပ်ဟာ မတွေးဝံ့ စရာပဲလို့ သမ္မတ ပါ့က် ဂွမ်ဟေး ပြော

တိမ်းမှောက်သွားတဲ့ တောင်ကိုရီး ယား သင်္ဘော ကက်ပတိန်နဲ့ ဝန်ထမ်း တချို့ရဲ့ လုပ်ရပ်ဟာ လူသတ်မှုနဲ့ အလားတူတယ်လို့ တောင်ကိုရီးယား သမ္မတ ပါ့က် ဂွမ်ဟေးက ပြောကြားလိုက်ပါတယ်။

သင်္ဘော ကက်ပတိန်နဲ့ ဝန်ထမ်း တချို့ရဲ့ လုပ်ရပ်ဟာ ပင်ကိုယ်ဉာဏ်နဲ့တောင် နားမလည်နိုင် ဖြစ်ရကြောင်းနဲ့ ခရီးသည်တွေကို သင်္ဘောပေါ်မှာပဲ ဆက်နေကြဖို့ ပြောပြီး သူတို့ကိုယ်တိုင်က သင်္ဘောပေါ်ကနေ ကိုယ်လွတ်ရုန်း ထွက်ပြေး သွားကြတာဟာ ဥပဒေကြောင်းအရရော လူ့ကျင့်ဝတ် အရပါ မတွေးဝံ့စရာ ဖြစ်ကြောင်း တောင်ကိုရီးယား သမ္မတ ပါ့က် ဂွမ်ဟေးက ပြောသွားပါတယ်။

သမ္မတရဲ့ ပြင်းထန်တဲ့ စကားလုံးတွေကို ကြည့်ခြင်းအားဖြင့် ဒီသင်္ဘော တိမ်းမှောက်မှုနဲ့ ပတ်သက်လို့ သူ့အပေါ် နိုင်ငံရေး ဖိအားပေးမှုတွေ ရှိခဲ့တယ် ဆိုတာ ပြသနေတယ်လို့ သတင်းထောက်တွေက ပြောပါတယ်။

သင်္ဘော တိမ်းမှောက်မှုအတွင်း ကျောင်းသားငယ်တွေ အများစု ပါတဲ့ ခရီးသည် သုံးရာကျော် သေဆုံး ဒါမှမဟုတ် ပျောက်ဆုံးနေကြပါတယ်။

သင်္ဘော ကက်ပတိန်နဲ့ တခြား ဝန်ထမ်းတွေကို ရာဇဝတ်ကြောင်းအရ ပေါ့ဆမှု စွဲချက်နဲ့ အာဏာပိုင်တွေက တရားစွဲဆိုထားပါတယ်။