ပါလက်စတိုင်း အုပ်စုနှစ်ခု ပေါင်းပြီ

ဓာတ်ပုံ မူပိုင် AFP
Image caption တကယ် ပေါင်းစည်း ပြီလို့ နှစ်ဖွဲ့ လုံးကဆို

နှစ်ပေါင်း များစွာ ရင်ကြားစေ့လို့ မရ ဖြစ်နေတဲ့ Fatah နဲ့ Hamas ပါလက်စတိုင်း ရန်ဘက် အဖွဲ့ ၂ ဖွဲ့ကြား ညီညွတ်ရေး အစိုးရ ဖွဲ့ဖို့ သဘော တူညီမှု ရယူ လိုက်ကြပါပြီ။

ဒါပေမဲ့ ဒီ သဘောတူညီမှု အပေါ် စိတ်ပျက် မိကြောင်း အမေရိကန် ပြည်ထောင်စု က ပြောကြား ပါတယ်။

ဒီသဘော တူညီမှု ကြောင့် အရှေ့ အလယ်ပိုင်း ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေ ရှေ့ဆက် ကျင်းပဖို့ အခြေအနေ ရှုပ်ထွေး ကုန်နိုင်တယ်လို့ အမေရိကန် နိုင်ငံခြားရေး ဌာနက သတိပေး ပြောကြား လိုက်ပါတယ်။

အဲဒီလို ပြန်လည် ပေါင်းစည်းရေး အတွက် ဟားမတ်စ်နဲ့ ဖာတား အုပ်စု နှစ်ခုကြား ပြည်တွင်းပြည်ပ မှာဆွေးနွေး ခဲ့ကြတာ အကြိမ်ပေါင်း မနည်းပါဘူး။

ကာတာနဲ့ ကိုင်ရိုမြို့ တွေမှာ နှစ်ဖက် သဘော တူညီချက် တွေကို လက်မှတ် ရေးထိုး ခဲ့ကြ ပေမယ့် တကယ်တမ်း လက်တွေ့မှာ ဘာမှ ထူးမလာခဲ့ ပါဘူး။

ဒါပေမယ့် ဒီတကြိမ် ပေါင်းစည်း မယ်လို့ ပြောလာ တဲ့ အခါမှာတော့ အရင်ကထက် ထူးတဲ့ အခြေအနေတွေ ရှိတယ်လို့ လေ့လာ အကဲခတ်သူ တွေက ပြောပါတယ်။

ဟားမတ်စ် အဖွဲ့ ဖက်ကို ကြည့်လိုက်ရင် သူတို့ရဲ့ အဓိက မဟာမိတ် ဖြစ်တဲ့ အီဂျစ်က မူဆလင် ညီနောင်များ အဖွဲ့ကို အခု အားကိုးလို့ မရတော့ ပါဘူး။

ဒါ့အပြင် ဆီးရီးယား နိုင်ငံ ဒမတ်စကတ် မြို့မှာ ရှိတဲ့ သူတို့ရဲ့ အဓိက ခြေကုတ် စခန်းကို လည်း စွန့်လွှတ် ခဲ့ရ ပါတယ်။

ဖာတာ အုပ်စု ဖက်ကို ကြည့်ပြန် ရင်လည်း အစ္စရေးနဲ့ ငြိမ်းချမ်းရေး ဆွေးနွေးပွဲ တွေမှာ ဘာမှ တိုးတက်မှု မရတဲ့ အတွက် သူ့ရဲ့ အနေအထားကို ပိုပြီး ခိုင်မာအောင် အားဖြည့်ဖို့ လိုနေ ပါတယ်။

ဒီတော့ နှစ်ဖက်လုံးမှာ ပေါင်းစည်းဖို့ အတွက် လိုအပ်တဲ့ အကြောင်း တရားတွေ ရှိနေ ပါတယ်။

လာမယ့် သီတင်း ငါးပတ် အတွင်းမှာ ပါလက်စတိုင်း အာဏာပိုင် အဖွဲ့ ခေါင်းဆောင် မာမွတ် အာဘတ်စ် ဦးဆောင်တဲ့ ညွန့်ပေါင်း အစိုးရ တရပ်ကို ဖွဲ့စည်းပြီး ခြောက်လ အတွင်း ရွေးကောက်ပွဲ ကျင်းပ မယ်လို့ နှစ်ဖက်လုံး ကပြောနေ ပါတယ်။