ယူကရိန်း စစ်ဆင်ရေး ပူတင် ထပ်သတိပေး

  • 24 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption Slavyansk မြို့ပြင်မှာ စစ်ဆင်ရေး ဆောင်ရွက်နေတဲ့ ယူကရိန်း ကွန်မန်ဒိုတွေ။

ယူကရိန်း တပ်တွေဟာ ရုရှ လိုလားသူတွေ အခိုင်အမာ တပ်စွဲနေတဲ့ နိုင်ငံ အရှေ့ပိုင်းက Slavyansk မြို့တွင်းကို တိုးဝင်ပြီး မြို့ကို ပြန်စီးဖို့ ကြိုးပမ်းနေတယ်လို့ ယူကရိန်း အစိုးရက ပြောပါတယ်။

လက်နက်ကိုင်တွေ တပ်စွဲထားတဲ့ စခန်း ၃ ခုကိုလည်း ချေမှုန်းလိုက်ပြီလို့ ယူကရိန်း ပြည်ထဲရေး ဌာနက ပြောပါတယ်။

နောက်ပြီး သူတို့အခေါ် အကြမ်းဖက်သမား အနည်းဆုံး ၅ ယောက်ကို သတ်ဖြတ် လိုက်နိုင်ပြီ လို့လည်း ကြေညာပါတယ်။

ဒီလိုအချိန်မှာပဲ ရုရှ သမ္မတ ပူတင်က ယူကရိန်းဟာ သူ့ပြည်သူတွေကို သူပြန် သတ်နေမယ် ဆိုရင် ပြင်းထန်တဲ့ ဆိုးကျိုးတွေနဲ့ ကြုံရမယ်လို့ သတိပေးလိုက်ပါတယ်။

ရုရှ ရုပ်မြင်သံကြားက မီဒီယာ ဆွေးနွေးပွဲမှာ သူက အခုလို ပြောခဲ့တာဖြစ်ပြီး Slavyansk မြို့ မှာ ယူကရိန်းက စစ်တပ်ကို သုံးတာဟာ သူ့ပြည်သူတွေကို ရာဇဝတ်မှု ကျူးလွန်နေတာပဲလို့လည်း ဆိုပါတယ်။

ရုရှနိုင်ငံခြားရေး ဝန်ကြီး ဆာဂေ လက်ဗရော့ ကလည်း သူတို့ကို တိုက်ခိုက်လာရင် ပြန်တုန့်ပြန်မယ်၊ ရုရှရဲ့ အကျိုးစီးပွားကို တိုက်ခိုက်လာရင် နိုင်ငံတကာ ဥပဒေတွေအတိုင်း ရှင်းရမှာက လွဲလို့ တခြားနည်းလမ်း မရှိဘူး၊ ရုရှ နိုင်ငံသားတွေကို တိုက်ခိုက်တာဟာ ရုရှ ဖက်ဒရေးရှင်း တစ်ခုလုံးကို တိုက်ခိုက်တာပဲလို့ ပြောသွားပါတယ်။

အခုလို ပြောစကားတွေ မထွက်လာခင် အစောပိုင်းက ရုရှဟာ ဂျနီဗာ ကွန်ဗန်းရှင်း သဘောတူချက်တွေကို အလေးမထားဘူးလို့ အမေရိကန် သမ္မတ အိုဘားမားက ပြောပါတယ်။

နောက်ဆုံးရလာတဲ့ သတင်းတွေ အရ ယူကရိန်း သံချပ်ကာ ကားတွေ ပြန်ဆုတ်လာတယ်လို့ သိရပြီး မြို့လယ်မှာ ငြိမ်သက်နေတယ်လို့ ဘီဘီစီ သတင်းထောက်က သတင်းပို့ပါတယ်။

နိုင်ငံအရှေ့ပိုင်း တခြား မြို့အတော်များများက အစိုးရ အဆောက်အဦးတွေ ကိုလည်း ရုရှား လိုလားတဲ့ ခွဲထွက်လိုသူတွေက သိမ်းပိုက်ထားဆဲ ဖြစ်ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ