ပြည်သူတွေကို တိုက်နေတယ်လို့ ယူကရိန်းကို ရုရှား ဆို

  • 25 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption Sloviansk မြို့ကို သွားနေတဲ့ ယူကရိန်း သံချပ်ကာ ယာဉ်တွေ

ယူကရိန်း အရှေ့ပိုင်းမှာ လုံခြုံရေး အရ စစ်ဆင်ရေး ဆင်နွှဲနေမှုဟာ အစိုးရက သူ့ပြည်သူတွေကို တိုက်ပွဲ ဆင်နေတာပဲလို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေရီ လက်ဗ်ရော့ဗ်က ပြောဆို ရှုတ်ချလိုက်ပါတယ်။

ဒီလို ကြီးလေးတဲ့ ပြစ်မှု အတွက် တရားဥပဒေအရ ရင်ဆိုင်ရလိမ့်မယ်လို့လည်း သူက ပြောပါတယ်။

တင့်ကား ၁၆၀၊ လက်နက်ကိုင် တပ်ဖွဲ့တွေကို တင်ဆောင်တဲ့ စစ်ကား၂၅၀၊ စစ်ရေး လက်နက်ကြီးတွေ၊ လေယာဉ်တွေနဲ့ သူတို့ဟာ လူတွေကို စစ်ဆင်နေတာ ဖြစ်တယ်၊ ဒီလို သုံးဖို့ စစ်တပ်ကို တွန်းအားပေးသူတွေဟာ တရားဥပဒေနဲ့ ရင်ဆိုင်ရလိမ့်မယ်လို့ ရုရှား နိုင်ငံခြားရေး ဝန်ကြီး ဆာဂေရီ လက်ဗ်ရော့ဗ်က ပြောသွားတာပါ။

ဒါ့အပြင် လွန်ခဲ့တဲ့ သီတင်းပတ်က ဂျီနီဗာမှာ သဘောတူခဲ့တဲ့ ပဋိပက္ခ လျော့ကျရေးနဲ့ ပတ်သက်ပြီး ရုရှားက ပံ့ပိုးပေးမယ် လို့လည်း မစ္စတာ လက်ဗရော့ဗ်က ပြောပါတယ်။

ဒါပေမယ့် ယူကရိန်း ဝန်ကြီးချုပ် Arseny Yatsenik ကတော့ ရုရှား အစိုးရဟာ ယူကရိန်းကို စစ်ရေး နိုင်ငံရေးအရ သိမ်းပိုက်ပြီး တတိယ ကမ္ဘာစစ် စတင်လိုနေတာလို့ ပြောပါတယ်။

အစောပိုင်းကလည်း အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က ယူကရိန်း တင်းမာမှု ပြေလျော့အောင် ကူညီဆောင်ရွက်ဖို့ သဘောတူညီခဲ့တဲ့ နောက်ပိုင်းမှာ ရုရှား ဘက်က အပြုသဘော လုပ်ဆောင်မှု တစ်ခုမှ မရှိခဲ့ဘူးလို့ စွပ်စွဲ ပြောဆိုခဲ့ပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ