ယူကရိန်း မှာဖမ်းထား သူတွေ လွတ်ဖို့ ရုရှကို ကန်တိုက်တွန်း

  • 26 ဧပြီ 2014
Sloviansk ဓာတ်ပုံ မူပိုင် ap
Image caption ရုရှလိုလားသူ တွေက နိုင်ငံတကာက စစ်ရေး လေ့လာသူ ၈ ဦးအပါအဝင် ၁၃ ဦးဖမ်းထား

ယူကရိန်း အရှေ့ဘက်ပိုင်း နယ်မြေမှာ၊ ရုရှားလိုလားသူ တွေရဲ့ ဖမ်းဆီးမှုကို ခံထားရတဲ့၊ ဥရောပ စစ်ရေးဆိုင်ရာ စောင့်ကြည့် လေ့လာရေး အဖွဲ့ဝင်တွေ ပြန်လည် လွတ်မြောက်ရေး အတွက်၊ ရုရှား အစိုးရ အနေနဲ့၊ အစွမ်းကုန် ဆောင်ရွက်ပေးဖို့၊ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီး John Kerry က တိုက်တွန်း လိုက်ပါတယ်။

ရုရှား နိုင်ငံခြားရေး ဝန်ကြီး Sergei Lavrov နဲ့၊ တယ်လီဖုန်း ကနေ တဆင့်၊ ဆွေးနွေး ခဲ့ကြရာမှာ၊ မစ္စတာ Kerry က၊ ဒီလို ပြောဆို ခဲ့တာ ဖြစ်ပြီး၊ ယူကရိန်း နယ်စပ်အနီး ရုရှား စစ်တပ်တွေရဲ့ လှုပ်ရှားမှုဟာ နောက်ဆက်တွဲ စိုးရိမ်မှုတွေ၊ ဖြစ်လာ စေတယ် ဆိုပြီးလည်း၊ ပြောခဲ့ပါတယ်။

ယူကရိန်း အရှေ့ဘက်ပိုင်း Sloviansk မြို့မှာ အဖမ်းခံ ထားရတဲ့ ၁၃ ဦး လွတ်မြောက်ရေး အတွက်၊ ရုရှ အစိုးရ က ပိုမို အလေးထား ဆောင်ရွက်ပေးဖို့၊ အခြား အနောက်အုပ်စု နိုင်ငံတွေရဲ့ ကိုယ်စားလှယ် တွေကလည်း တောင်းဆို နေကြ ပါတယ်။

အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးနဲ့ တယ်လီဖုန်း ပြောဆိုရာမှာ၊ ရုရှား နိုင်ငံခြားရေး ဝန်ကြီး မစ္စတာ Lavrov ဘက်က၊ ယူကရိန်း အကျပ်အတည်း ပြေလျော့ဖို့ ဆိုရင်၊ အရှေ့ဘက်ပိုင်း နယ်တွေမှာ ယူကရိန်း အစိုးရရဲ့ စစ်ရေး ဆိုင်ရာ လှုပ်ရှား မှုတွေကို ချက်ခြင်း ရပ်တန့်ဖို့ လိုတယ်လို့ ပြောဆို ခဲ့ပါတယ်။

အဲဒီ နိုင်ငံတကာ လေ့လာ စောင့်ကြည့်ရေး အဖွဲ့ထဲမှာ ယူကရိန်း အစိုးရရဲ့ ထောက်လှမ်းရေး သမား ရောနှော ပါလာတယ် လို့၊ သံသယ ရှိတဲ့ အတွက် အခုလို ထိန်းသိမ်း ထားရတာ ဖြစ်တယ် ဆိုပြီး၊ ဒေသခံ လက်နက်ကိုင် အုပ်စုက ပြောခဲ့ပါတယ်။