ယူကရိန်းမှာ ဖမ်းထားတဲ့ နိုင်ငံတကာမှ တယောက်ကို ပြန်လွှတ်

  • 28 ဧပြီ 2014
အဖမ်းခံထားရတဲ့ နိုင်ငံတကာမှ လေ့လာသူများ
Image caption အဖမ်းခံထားရတဲ့ နိုင်ငံတကာမှ လေ့လာသူများ

ယူကရိန်းနိုင်ငံအရှေ့ပိုင်း Sloviansk မှာရုရှားလိုလားတဲ့ ခွဲထွက်ရေးသမားတွေ ဖမ်းထားတဲ့ ဥရောပမှ စောင့်ကြည့် လေ့လာသူ ၈ယောက်ထဲက ဆွီဒင်နိုင်ငံသား တယောက်ကို ပြန်လွှတ်လိုက်ပါတယ်။

ဥရောပ လုံခြုံရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OSCE လက်အောက်ကနေ လှုပ်ရှားနေကြတဲ့ နိုင်ငံခြား လေ့လာရေး အဖွဲ့တွေဟာ ဂျာမနီ ပိုလန် ဆွီဒင် ဒိန်းမတ်နဲ့ချက်သမ္မတနိုင်ငံတွေက လူတွေဖြစ်ကြပါတယ်။

မျက်နှာဖုံးစွပ် လက်နက်ကိုင်တွေက အဖမ်းခံရသူတွေကို Sloviansk မြို့တော်ခမ်းမထဲ ခေါ်သွားပုံတွေကို မီဒီယာမှာ မနေ့ကပြခဲ့ပါတယ်။

အဲဒီအဖွဲ့ကိုယ်စား ပြောသွားတဲ့ ဂျာမနီနိုင်ငံမှ ဗိုလ်မှူးကြီး Alex Schneiderက သူတို့ဟာ နေတိုးအဖွဲ့ မှ အရာရှိတွေမဟုတ်သလို ခွဲထွက်ရေးသမားတွေပြောနေတဲ့ လက်နက်ကိုင် တိုက်ပွဲဝင်သူတွေလည်း မဟုတ်ဘူးလို့ဆိုပါတယ်။ သူတို့ဟာ ယူနီဖေါင်းဝတ်ထားတဲ့သံတမန်တွေလို့အခိုင်အမာ ပြောသွားပါတယ်။

အခုလို အဖမ်းခံရသူတွေကို မီဒီယာမှာ ထုတ်ပြတာကို ဂျာမနီက အပြင်းအထန် ဝေဖန်လိုက်ပါတယ်။ ဂျာမနီနိုင်ငံခြားရေးဝန်ကြီးက အခုလို နိုင်ငံတကာလေ့လာရေးအဖွဲ့တွေနဲ့ ယူကရိန်း လုံခြုံရေးတွေကို အကျဉ်းသားတွေလို ထုတ်ပြတာဟာ သူတို့ကိုသိက္ခာချရာ ရောက်တယ်လို့ပြောပြီး ကျန်တဲသူအားလုံးလွှတ်ပေးဖို့ တိုက်တွန်းရေးမှာ ရုရှားတာဝန်ဖြစ်တယ်လို့ ဆိုပါတယ်။

စောစောပိုင်းကတော့ ပိုနိုမာယော့က ယူကရိန်း အစိုးရဖမ်းထားတဲ့ လက်နက်ကိုင်တွေနဲ့ အခုလေ့လာအကဲခတ်သူတွေကို ပြန်လဲကောင်းလဲနိုင်တယ်လို့ပြောပါတယ်။ ဒီလူတွေပြန်လွတ်ဖို့လည်း ရုရှားကလုပ်နိုင်တာ အကုန်ဆောင်ရွက်ပေးမယ်လို့ ကတိပေးသွားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ