ကန်နဲ့ ဖိလစ်ပိုင် ကာကွယ်ရေးဆိုင်ရာ သဘောတူ

  • 28 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption အိုဘားမားနဲ့ ဖိလစ်ပိုင် သမ္မတ အကွီနိုတို့ ပူးတွဲ သတင်းစာ ရှင်းလင်းစဉ်။

အမေရိကန်နဲ့ ဖိလစ်ပိုင်တို့ ကာကွယ်ရေး ဆိုင်ရာ သဘောတူညီချက် တစ်ခုကို လက်မှတ်ထိုးလိုက်ပြီး နာရီပိုင်း အကြာမှာ သမ္မတ အိုဘားမားက ဒါဟာ တရုတ်ကို တန်ပြန် ထိန်းချုပ် ဟန့်တားဖို့ မဟုတ်ကြောင်း ပြောကြားလိုက်ပါတယ်။

အဲဒီ သဘောတူညီချက် အရ အမေရိကန် တပ်ဖွဲ့တွေဟာ ဖိလစ်ပိုင် စစ်စခန်းတွေကို ဝင်ထွက်ခွင့်ရမှာ ဖြစ်သလို၊ အမေရိကန် တပ်ဖွဲ့တွေ၊ လေယာဉ်တွေနဲ့ စစ်သင်္ဘောတွေ ဟာလည်း ဖိလစ်ပိုင်နိုင်ငံ တဝန်းမှာ ပိုမို လှည့်လည် သွားလာခွင့်ရမှာ ဖြစ်ပါတယ်။

ဒါပေမယ့် အခုလို လုပ်ဆောင်တာဟာ ၁၉၉၁ ခုနှစ်တုန်းက အမေရိကန် တပ်ဖွဲ့တွေကို ဖိလစ်ပိုင်က မောင်းထုတ်ပြီး အမေရိကန် စစ်စခန်းတွေ ပိတ်ပစ်ခံခဲ့ရတာကို ပြန်ပြီး တည်ဆောက်ဖို့ ကြိုးပမ်းတာ မဟုတ်ဘူးလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဘီဘီစီ သတင်းထောက်ရဲ့ အဆိုအရကတော့ ဒါဟာ ဖိလစ်ပိုင်နဲ့ တရုတ် အကြား နယ်မြေ အငြင်းပွားမှုကနေ တင်းမာမှုတွေ တိုးလာတာကြောင့် ဖိလစ်ပိုင်ဟာ အမေရိကန် တပ်တွေကို ပြန်ခေါ်တာ ဖြစ်တယ်လို့ သုံးသပ် ထားပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ