အလက်ပိုမြို့က ဆီးရီးယား အစိုးရရဲ့ ဗုံးဒဏ်

  • 28 ဧပြီ 2014
ဓာတ်ပုံ မူပိုင် AP
Image caption အလက်ပိုမြို့တွင်း ပျက်စီးမှု အချို့ မြင်ကွင်း။

ဆီးရီးယားနိုင်ငံရဲ့ အကြီးဆုံးမြို့ ဖြစ်တဲ့ အလက်ပိုမြို့က သူပုန်တွေ ထိန်းချုပ်ထားတဲ့ အပိုင်းကို ဘီဘီစီ သတင်းထောက်တွေ ရှားရှားပါးပါး ဝင်ရောက်ခွင့် ရခဲ့ပါတယ်။

အလက်ပို မြို့ဟာ အစိုးရရဲ့ လေကြောင်းကနေ ဗုံးကြဲတဲ့ ဒဏ်ကို အဆိုးဝါးဆုံး ခံရတဲ့ မြို့ဖြစ်ပါတယ်။

မြို့ထဲမှာ ဆိုရင် စည်ပိုင်းတွေထဲ ဗုံးတွေထည့်ပြီး ကြဲချခဲ့တဲ့ ဒဏ်ကို လနဲ့ချီ ခံခဲ့ရတာကြောင့် ပျက်စီးမှု ပမာဏဟာ မယုံကြည်နိုင်လောက်အောင် များပြားတယ်လို့ ဘီဘီစီ သတင်းထောက်တွေက ပြောပါတယ်။

လူတွေဟာလည်း မြို့ကနေ ထွက်ပြေးသွားကြပြီ ဖြစ်လို့ အဆောက်အဦး အများအပြားမှာ လူသူမရှိဘဲ ဖြစ်နေကြရပါတယ်။

အခုနှစ်ထဲမှာ ထိခိုက် သေကြေသူ ပေါင်းဟာ ထောင်နဲ့ချီ ရှိတယ်လို့ သတင်းတွေက ဆိုပါတယ်။

နိုင်ငံတကာ လူ့အခွင့်အရေးအဖွဲ့ ဖြစ်တဲ့ Human Rights Watch ကလည်း သမ္မတ အာဆတ်ရဲ့ တပ်ဖွဲ့တွေဟာ အရပ်သားနဲ့ သူပုန် ဘာမှ မခွဲခြားဘဲ အရပ်သားတွေ အပေါ် ဥပဒေမဲ့ လေကြောင်းကနေ တိုက်ခိုက်မှုတွေ လုပ်ခဲ့တယ်ဆိုပြီး စွပ်စွဲထားပါတယ်။

ဆီးရီးယား အစိုးရကတော့ သူတို့ တပ်တွေဟာ အကြမ်းဖက် သမားတွေကိုပဲ ပစ်မှတ်ထား တိုက်ခိုက်တာလို့ ဆိုပါတယ်။

ဒီသတင်းနဲ့ပတ်သက်သမျှ