ရုရှားအပေါ် အမေရိကန် ထပ်မံ ဒဏ်ခတ် ပိတ်ဆို့

ဓာတ်ပုံ မူပိုင် AFP
Image caption ဒဏ်ခတ်ပိတ်ဆို့ ခံရသူတွေထဲမှာ ၁၉၉၀ နှစ်တွေကတည်းက သမ္မတ ပူတင်အတွက် အလုပ်လုပ်ပေးနေတဲ့ ဆီယေချင် လည်းပါ

ယူကရိန်းနိုင်ငံထဲ တရားမဝင် ဝင်ရောက် ကျူးကျော် ခဲ့တယ် ဆိုပြီး ရုရှား နိုင်ငံအပေါ် နောက်ထပ် ဒဏ်ခတ် ပိတ်ဆို့မှုတွေကို အမေရိကန် အစိုးရက ပြဋ္ဌာန်းလိုက် ပါတယ်။

ယူကရိန်း ပဋိပက္ခ ပြေလည်သွားစေရေး နိုင်ငံတကာ သဘောတူချက် တစ်ခုကို ရုရှားအစိုးရ ဘက်က လိုက်နာဖို့ ပျက်ကွက်ခဲ့တယ် လို့ အမေရိကန် က စွပ်စွဲလိုက်ပါတယ်။

အဲဒီ ဒဏ်ခတ် ပိတ်ဆို့မှုတွေဟာ သမ္မတ ဗလာဒီမီယာ ပူတင်နဲ့ ဆက်နွယ် ပတ်သက်နေတဲ့ ပုဂ္ဂိုလ် ၇ ဦးနဲ့ ရုရှား ကုမ္ပဏီ ၁၇ ခု တို့ကို အဓိက ပစ်မှတ်ထား ပြဋ္ဌာန်းလိုက်တာပါ။

အဲဒီလူတွေထဲမှာ ရုရှားနိုင်ငံရဲ့ အဓိက ရေနံ ကုမ္ပဏီကြီး ဖြစ်တဲ့ Rosneft ကုမ္ပဏီကြီးရဲ့ အကြီးအကဲ အီဂိုရ် ဆီယေချင် လည်း ပါဝင်ပါတယ်။

ဒါ့အပြင် ရုရှားနိုင်ငံရဲ့ စစ်ရေး ဆိုင်ရာ စွမ်းအားတွေ ပိုကောင်းအောင် လုပ်ပေးနိုင်ဖွယ် ရှိတဲ့ အဆင့်မြင့် နည်းပညာရပ်တွေ တင်ပို့မှု တချို့ကိုလည်း ဒဏ်ခတ် ပိတ်ဆို့ထားဖို့ ရှိပါတယ်။