ဘရူနိုင်းမှာ အစ္စလာမစ် ပြစ်ဒဏ်တွေ ကျင့်သုံးမယ်

ဓာတ်ပုံ မူပိုင် AFP
Image caption အစ္စလာမစ် ပြစ်ဒဏ် ကျင့်သုံးဖို့ ဘရူနိုင်း ဆူလတန်ဘုရင် ကြေညာစဉ်

ဘရူနိုင်းနိုင်ငံမှာ တင်းကျပ်တဲ့ အစ္စလာမစ် ပြစ်ဒဏ်တွေ ချမှတ် ကျင့်သုံးတော့မှာ ဖြစ်ကြောင်း ဆူလ်တန် ဘုရင်က ထုတ်ဖော် ကြောညာလိုက်ပါတယ်။

အဲဒီ ပြစ်ဒဏ်တွေထဲမှာ ခြေလက် ဖြတ်တာမျိုးနဲ့ ခဲနဲ့ ပစ်ပေါက် အပြစ်ပေးတာမျိုးတွေကို တဖြည်းဖြည်း ထည့်သွင်းသွားမယ်လို့ သိရပါတယ်။

မဖွယ်မရာ အပြုအမူတွေ၊ သောကြာနေ့ ဘုရားဝတ်ပြုဖို့ ပျက်ကွက်တာမျိုးတွေ အပါအဝင် ပြစ်မှုတွေအတွက် ထောင်ဒဏ်နဲ့ ဒဏ်ကြေး စနစ်တွေ ပါဝင်တဲ့ ပြစ်ဒဏ်တွေကို အခုသီတင်းပတ်က စလို့ ချမှတ်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။

ဒုတိယ အဆင့်အနေနဲ့ ခိုးမှု ကျူးလွန်သူတွေကို ကြိမ်ဒဏ်နဲ့ ခြေလက်ဖြတ်တာမျိုးလို ပြစ်ဒဏ်တွေ ချမှတ်မှာ ဖြစ်ပြီး နောက်ဆုံး အဆင့်အနေနဲ့ လိင်တူ ဆက်ဆံမှု၊ အိမ်ထောင်ရေး ဖောက်ပြန်မှု စတဲ့ ပြစ်မှုတွေအတွက် ခဲနဲ့ အသေပစ်ပေါက် အပြစ်ပေးတာမျိုးတွေ လုပ်ဖို့ ရှိတယ်လို့ ဆိုပါတယ်။

ကမ္ဘာပေါ်မှာ အချမ်းသာဆုံး ပုဂ္ဂိုလ်တွေထဲက တစ္ဦး ဖြစ်သူ ဆူလ်တန် ဘုရင် ဟာဂျီ ဟက်ဆဲနယ်လ် ဘိုလ်ကီယာ က ဒီပြစ်ဒဏ်တွေကို အလ္လာ ရှင်မြတ်က ချမှတ်ခဲ့တာ ဖြစ်တဲ့အတွက် မတရားဘူး ရက်စက်တယ်လို့ မဆိုနိုင်ကြောင်း ပြောပါတယ်။

ကုလသမဂ္ဂ လူ့အခွင့်အရေးဌာနကတော့ တချို့ ပြစ်ဒဏ်တွေဟာ ညှဉ်းပမ်း နှိပ်စက်တဲ့ အခြေအနေအထိ ရောက်သွားပြီး လူမဆံတဲ့ ရက်စက် ကြမ်းကြုတ်မှုတွေ အဖြစ် သတ်မှတ်ထားကြောင်း ပြောပါတယ်။