၂၀၁၁ နောက်ပိုင်း ပထမဆုံး အီရတ် ရွေးကောက်ပွဲ

  • 30 ဧပြီ 2014
ဓာတ်ပုံ မူပိုင် Reuters
Image caption ဘဂ္ဂဒက်မြို့ မဲရုံတစ်ခုမှာ လုံခြုံရေး စစ်ဆေးစဉ်။

အီရတ်နိုင်ငံမှာ အမေရိကန် တပ်ဖွဲ့တွေ ပြန်လည် ဆုတ်ခွာသွားတဲ့ ၂၀၁၁ ခုနှစ် ကတည်းက ဆိုရင် ပထမဆုံး အကြိမ် အဖြစ် ပါလီမန် ရွေးကောက်ပွဲတွေကို ဒီကနေ့ ကျင်းပခဲ့ရာမှာ မဲရုံတွေမှာ အီရတ် တပ်သား တွေနဲ့ ရဲတပ်ဖွဲ့ဝင် သောင်းနဲ့ ချီ ချထားပါတယ်။

လူမျိုးရေး တင်းမာမှုတွေ အကြမ်းဖက် တိုက်ခိုက်မှုတွေ ဖုံးလွှမ်းနေတဲ့ မဲဆွယ် စည်းရုံးမှုတွေ လုပ်ခဲ့အပြီးမှာ ဝန်ကြီးချုပ် နူရီ အယ်လ် မာလီကီ Nouri al-Maliki က ဝန်ကြီးချုပ် သက်တမ်း တတိယအကြိမ် အတွက် ဝင်အရွေးခံခဲ့ပါတယ်။

ဘဂ္ဂဒက်မြို့မှာ သူကိုယ်တိုင် မဲထည့်ခဲ့အပြီး မစ္စတာ အယ်လ် မာလီကီက ပြောရာမှာ အကြမ်းဖက်မှုကို ဖီဆန်ကြောင်း ပြတဲ့ အနေနဲ့ မဲဆန္ဒရှင်တွေ အများအပြား လာရောက် မဲထည့်ကြဖို့နဲ့ မဲထည့်သူတွေဟာ ရွေးကောက်ပွဲကို စောင့်ကြည့်လေ့လာဖို့ အခွင့်အရေးတွေ ရမှာ ဖြစ်တယ်လို့ တိုက်တွန်း ပြောဆိုသွားပါတယ်။

ဒါပေမယ့် ဘဂ္ဂဒက်မြို့တော် လမ်းမတွေပေါ်မှာတော့ မော်တော်ယာဉ်တွေ အသုံးမပြုကြဖို့ တားမြစ်ထားတဲ့အတွက် လူသူကင်းမဲ့နေပြီး စိုးရိမ် ထိတ်လန့်ဖွယ် အခြေအနေ ရှိနေတယ်လို့ ဘဂ္ဂဒက်မြို့မှာ ရှိတဲ့ ဘီဘီစီ သတင်းထောက်က ပြောပါတယ်။

ဆွန်နီတွေ ကြီးစိုးတဲ့ အန်ဘာပြည်နယ်က နေရာ တချို့မှာတော့ ဆူပူအုံကြွမှုတွေ တိုးပွားလာနေလို့ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်း မရှိပါဘူး။

ဒီသတင်းနဲ့ပတ်သက်သမျှ